Tuesday, March 1, 2016

janie's got a gun

ချောင်ထဲမှာ တစ်ယောက်တည်း တိတ်ဆိတ်နေတယ်
ခြောက်ခြားစရာတွေချည်း ပြည့်နှက် လူတွေအားလုံး အတူတူချည်းပဲ
ငါ့အနာကို ပြင်းပြင်းထန်ထန် ထိုးနှက်ကြ
ဆဲသံတွေ မိုးမွှန်နေတဲ့ မိသားစု
ငါ့အဖေဟာ ငါ့ကို ဆဲနည်း ပေါင်းစုံနဲ့ မုဒိန်းကျင့်တယ်
ကိုယ့်ကိုကိုယ်ပဲ ပြန်ငိုပြရမလား နာကျင်နေတဲ့ မျက်ရည်တွေကို ငါမုန်းတယ်
ငါ့အရွယ်ကောင်မလေး တစ်ယောက် ပေါ့ပေါ့ပါးပါးရယ်မောနေတာကို
အားကျစိတ်တွေနဲ့ သူ့ကိုငါ သတ်ပစ်လိုက်ချင်တယ်
ချစ်ခြင်းမေတ္တာဆိုတာ လူ့လောက System unit ထဲက CPU တစ်လုံးပဲ
အေးချမ်းမှုတွေ ပျောက်သွားတဲ့အခါ Heat တွေ စောက်ရမ်းတက်ခဲ့ရ
ဂျိုကြွနေတဲ့ လိင်စိတ်နဲ့ ငါ့ရည်းစားတွေ
ငါ့ သွေးသားတွေကို အလုအယက်တောင်းဆိုကြ

ဘဝအင်ဂျင်ထဲက တစ်စစီပြုတ်ထွက်ခဲ့တဲ့ ဖြစ်တည်မှုပီနီယံ အစိတ်အပိုင်းတွေ

၁။
(ရန်ကုန်ခါးခါး)

သူ့ခြေထောက်ကြမ်းကြမ်းကြီးတွေနဲ့ ငါ့ရင်ဘတ်ကိုပြေးပြေးကန်တယ်။ အကြိမ်ကြိမ်။
သိမ်ငယ်စိတ်က မလိုအပ်ဘဲ ဘရိတ်ခဏခဏအုပ်မိ။ နားနဲ့မနာ ဖဝါးနဲ့နာပါ။
တင်ကအစအတုရှိတယ်။ အချစ်ကိုတူးဖော်ကြည့်ဖို့ ပိုက်ဆံမရှိသေးပါ။
တရားကျစရာ။ စပယ်ယာကအစ လောဘကြီးတယ်။ အဟောင်းဆိုင်လေးထဲက
ဂျင်းဘောင်းဘီလေးတစ်ထည်ဟာ လှရဲ့။ လမ်းဖြတ်ကူးဖို့ အသက်ဓာတ်ကို
ကျစ်ကျစ်ပါအောင်ဆုပ်ရတယ်။ တစ်ယောက်တည်းကျပ်နေလို့ ဟိုဘက်နည်းနည်း
တိုးပါဦးဆိုတဲ့မြို့ပြ။ ကာဗွန်ဒိုင်အောက်ဆိုဒ်အထပ်ထပ်နဲ့ ဝမ်းရေနက်နက်တောမြိုင်လည်။
လူတွေပြောပြောနေတဲ့ ထပ်ခိုးလေးရဲ့တန်ဖိုး။ အိပ်မက်တွေ တရေးနိုးရလေတယ်။

၂။
( လွင့်နေတဲ့လေ )

ရင်ချင်းဆက်ခဲ့တာတောင် ရက်ရက်စက်စက်သွေးကွဲခဲ့တယ်။ မြို့ကလေးနဲ့ ငါ။
စစ်မြေပြင်နဲ့စစ်သားလို ၊ တောင်နဲ့တောင်တက်သမားလို ၊ ငါနဲ့လောကဓံ ၊ ငါနဲ့
အောင်မြင်မှု ၊ ငါနဲ့ မိုက်မဲခြင်း။ ဘဝရဲ့အဆန်တရားမှာ ဘယ်ရထားကိုမှ အချောင်
မစီးခဲ့ဘူး။ ငါဟာလူငယ် ၊ အန္တရယ် ကို လွယ်တယ်။ အခက်အခဲကိုကြိုက်တယ်။
လူအဖြစ်ရဲ့ဒုလဘ္ဘကို ခေတ်ကြီးထဲ ရဲရဲပွင့်သူ။ သေကြည့်တယ်။ တီးတိုင်းမမြည်တဲ့
ဗုံစိမ်းဟာ အနုပညာလို့ သေသေချာချာ သေကြည့်ခဲ့တယ်။ ကျည်ကာမပါတဲ့
ပစ္စုန်ပ္ပန်ကိုမှ လူမှု့ စစ်ပွဲမှာ ဝတ်ဆင်ခဲ့ရပါတယ်။ လောကကြီးကို မာနအလွင့်ကလေးနဲ့
ရွဲ့စောင်းမိခဲ့သမျှ။ဝမ်းနည်းတယ်။ ငါပစ်ခဲ့တဲ့ခဲဟာ ငါ့မိသားစုကိုမှတည့်တည့်ကြီး။

ခင်ဗျားတို့ ရှို့လိုက်တဲ့တောမီးက ကျွန်တော့်စိတ်ကူးထဲက တောအုပ်လေးကို မလောင်ကျွမ်းနိုင်

ဘာသာစကားရဲ့လျှပ်စီးပတ်လမ်းကြောင်းမှာ ကဗျာဟာစီးနေတယ်
ရွေ့ နေတဲ့ တိမ်တွေကို အိမ်မက်ထဲထည့်ပြီး ပိတ်လိုက်တယ်
အိပ်မက်ပါတရွေ့ရွေ့ ပျံသန်းသွား
စိတ်နဲ့ရေးတဲ့မင်တွေ အရာထင်ခဲ့ရုံမက ဖျက်လို့တောင်မရခဲ့
ရွှေမြို့တော်ကြီးဟာ ခြတောင်ပို့ကြီးလိုတမြေ့မြေ့ တစ်စပြင်လိုတိတ်တိတ်ဆိတ်ဆိတ်
သက်တံ့ဟာ ရုတ်တရက်ကိုယ်ရောင်ဖျောက်ပစ်လိုက်ပြီး
သူမဆံနွယ်တွေပေါ် စကားပန်းလေးအဖြစ်လာပွင့်ပြနေတယ်လို့ရေးပြီး လုံးချေမိ
ချစ်ခြင်းမေတ္တာရဲ့မြေဆီလွှာဟာ ငါ့အမြစ်တွေဆီ မလာတော့
ငါအမြစ်တွေကပဲ ချစ်ခြင်းမေတ္တာရဲ့မြေဆီလွှာဆီ သွားရတာပေါ့
အရွက်တဖားဖားနေ့ရက်တွေ အလဟဿ ကြွေကျခဲ့ရပါတယ်
ပျော်စရာထုတ်လုပ်ဖြန့်ဖြူးရေးဒေါ့ကွန်းမှာ ငါနဲ့တော်တဲ့ဒီဇိုင်းရှာမတွေ့ဘူး
ကွက်လပ်အကြီးကြီးထဲမှာ ကွက်လပ်သေးသေးလေးတွေအပြည့်
ကိုယ်တိုင်ကွက်လပ်ဖြစ်ရတဲ့ အရသာ
ငိုချင်းရှည် wi-fi ကို ကပ်သုံးနေတဲ့သူတွေ တော်တော်များတဲ့မြို့ပြ
သမိုင်းတစ်ခုနဲ့တစ်ခု အကူးမှာ နိုင်ငံတော်ကြီး လက်ပစ်ကူးနေ
လောက်တက်နေတဲ့လုပ်ဇာတ်မှာ မိန့်ခွန်းအပုပ်အစပ်တွေ
ဖြစ်ရပ်မှန်ဟာသတွေဟာ အဆီရွှဲနေတဲ့ပါးစပ်ထဲဝင်သွားတယ်

Thursday, February 18, 2016

စိတ်ခတ်ကျောက် ၂

အမှန်တရားတံခါးလာခေါက်မယ့်နေ့ကိုစောင့်နေတာ တဲ့
ပလက်ဖောင်းပေါ်ခေါင်းတင်အိပ်နေရတဲ့ကောင်က ထ အော်တယ်
ဘုရားသခင်နဲ့ စကားပြောချင်တယ်ဆိုတဲ့ ဝါကျကို
ကြိတ်စက်ထဲ လက်တစ်ချောင်းလုံးညပ်ဝင်သွားတဲ့အသံနဲ့ တဖွဖွ ရွတ်ဆိုတယ်
ဘာထူးသေးလဲ
ကိုယ့်စိတ်ကိုယ် အရည်ဖျော်ပြီး တစ်စက်ချင်း ခေါက်ချပစ်
ဒီနေ့ရလိုက်တဲ့တရားက မတရားမှု
အန္တရာယ်ဟာ အာဏာရှင်လို ကျောနံပါတ်ပြောင်းဝတ်ထားတယ်
ကိုယ့်ကိုရန်သူ့လက်ကလွတ်မြောက်စေခဲ့တဲ့ ဆောင်ဓားက
ကိုယ့်ဇက်ပေါ် အရှိန်နဲ့ပြေးဝင်လာတဲ့ ခံစားမှု
ဘာထူးသေးလဲ
ကိုယ့်စိတ်ကိုယ် အရည်ဖျော်ပြီး တစ်စက်ချင်း ခေါက်ချပစ်
လျှာတစ်ချောင်းလုံးပြတ်ထွက်သွားလည်း အမှန်တရားအကြောင်းပဲ ငါပြောမယ်
လက်တစ်ချောင်းမှမရှိတော့ရင်လည်း မေတ္တာတရားကိုပဲ ငါပေးမယ်
အခုတော့ စပါးစိုက်ရင်း ထမင်းငတ်နေရတာလောက်
အသည်းနာစရာကောင်းတာ မရှိတော့ဘူး တဲ့
ဘာထူးသေးလဲ
ကိုယ့်စိတ်ကိုယ် အရည်ဖျော်ပြီး တစ်စက်ချင်း ခေါက်ချပစ်

စိတ်ခတ်ကျောက် ၎

ဒီထက်သွေးပျက်စရာဘာရှိသေးလဲ
လူ့အသိုင်းအဝိုင်းထဲကနေ လူ့ဘဝကို သူကိုယ်တိုင် လှီးထုတ်ချင်နေတယ်
မြောင်းထဲမှာ လောက်တဖွားဖွားကျနေတဲ့ ခွေးသေကောင်လို 
လမ်းပေါ်မှာ ကျည်တဖွားဖွားကျနေတဲ့ လူသေကောင်တွေ 
ဘယ်လိုသွေးအမျိုးအစားဖြစ်ဖြစ် ဖောက်ထုတ်ပစ်စရာ တစ်စက်မှမကျန်တော့ဘူး
နာရီတွေက ရပ်နေတယ် အချိန်တွေက ပြေးနေတယ် သူလည်းပြေး
စစ်ဘေးနဲ့ လက်တစ်ကမ်းအလို သေမင်းနဲ့ ခြေတစ်လှမ်းအလို
ချစ်ခြင်းမေတ္တာတရားဆိုတာ ဘယ်လိုဘာသာစကားမျိုးနဲ့ပဲ ခလုတ်ဖွင့်ဖွင့်
တစ်မိုးအောက်မှာ တစ်ရောင်ထဲ ရဲရဲပွင့်နေတာမျိုး
နာကျည်းလိုက်ပုံများ 
အခု အဲဒီအပွင့်ကိုပဲ သူက ငါးတစ်ကောင်လို အကြေးခွံလှန်ချင်နေတယ်
ကြွက်တစ်ကောင်လို အရေခွံဆုတ်ချင်နေတယ်

Tuesday, February 16, 2016

စိတ်ခတ်ကျောက် ၆

ငါ့အရသာကို အညစ်အကြေးတစ်ခုလို ငါကိုယ်တိုင်ထွေးထုတ်လိုက်မိတယ်
သွေးကြောအမျှင်တွေခုံးထလာပုံက ဘိန်းစားကိုအရေခွံဆွဲဆုတ်လိုက်တဲ့အတိုင်း
ဆွေးမြည့်နေတဲ့ဆံပင်တွေ အထွေးလိုက်ကျွတ်ထွက်သွားတယ်
ပုတ်ရိနေတဲ့အရည်တွေ တစ်စက်ချင်းစီးထွက်လာတယ်
ဖူးရောင်နေတဲ့လက်ချောင်းတစ်ချောင်းစီတိုင်းက လက်သည်းခွံတွေကအနက်ရောင်
မှုတ်ထုတ်လိုက်တဲ့သက်ပြင်းပူပူတွေနဲ့ရောပြီး ကျွတ်ထွက်သွားတဲ့သွားတွေ
ခပ်ဝေးဝေးကမျောထွက်လာတဲ့အူသံဟာ နားစည်ထဲ တုန်ခါပြီးတိုးဝင်သွားတယ်
ငါ့အသက်နဲ့ဘဝကို ကောင်းစွာသိမ်းထုပ်ထားပါရဲ့
ငါ့ဆန္ဒနဲ့အနာဂတ်ကို ကောင်းစွာမွေးမြူထားပါရဲ့
တစ်ခုခုကိုဆွဲဖွင့်လိုက်တိုင်း လောက်ကောင်တွေ တဖွားဖွားထွက်ကျလာပုံက
ငါတစ်သက်လုံးထမ်းပိုးလာခဲ့ရတဲ့ ငါ့အကုသိုလ်တွေအတိုင်း
လက်ကျန်ကိုချွတ်ယူလိုက်တိုင်း ခြောက်သွေ့မှုအစ အထီးကျန်နေရတာအဆုံး
တိတ်ဆတ်မှုကိုဖြဲကြည့်လိုက်ရင် တစ်ဘဝလုံးမှောင်နေတဲ့ အသက်ရှင်မှုကိုတွေ့ရမယ်
လတ်ဆတ်တဲ့လေပြည်လေညင်းတောင် ငါ့အဆုတ်ထဲ ကန့်လန့်ဖြဲဝင်သွားပေါ့

စိတ်ခတ်ကျောက် ၅

ဒုက္ခပူပူအပေါ် ဘယ်လိုစိမ်းလန်းနည်းမျိုးတွေ သွန်ချပစ်လိုက်ရမလဲ
ပင့်ကူမျှင်တွေအလိမ်းလိမ်းကပ်နေတဲ့အသံတစ်ခု အမှောင်ထဲကခုန်ထွက်လာတယ်
ကမ္ဘာကြီးတစ်ခုလုံးကို ပုခုံးနှစ်ဘက်ပေါ်တင်ထားခဲ့တဲ့လူတွေ
တစ်ဘဝပြီးတစ်ဘဝ သမိုင်းပေါ်ဖြတ်လျှောက်သွားပုံက သေရာက ရှင်လာသူတွေလို အံ့သြဘနန်း
ကိုယ့်စိတ်ကိုယ်ခြေနဲ့နင်းလျှော်ပြီး ကိုယ့်အသက်ရှုသံကိုယ်ခေါက်သိမ်းထားချင်တဲ့နေ့တွေ
အဆင်မပြေချင်ရင် ကိုယ့်လက်ထဲရောက်နေတဲ့ တစ်နေ့စာလုံး ကျကွဲပေါ့
စားပွဲပေါ်တင်ထားတဲ့စာအုပ်တွေ မီးထတောက်တဲ့အခါ
ငယ်ဘဝရဲ့အမှားတွေ အမှောင်ထဲ ထ ထ ပွင့်တဲ့အခါ
ကိုယ့်အပေါ် အကြိမ်ကြိမ်မှောက်ကျနေတဲ့ အသိဥာဏ်က ညှော်စော်နံလာတယ်
ဒုက္ခနဲ့တွေ့တဲ့အခါ လောကဟာ တစ်ယောက်ထဲ ကွက် ရှင်တယ်
နှုတ်မရတဲ့သပ်တစ်ချောင်းလို အဲဒီအနာဟာ တဆတ်ဆတ်ခါလို့
ဘဝကို လွယ်လွယ်နဲ့ အနိုင်မယူနိုင်တဲ့အခါ ကိုယ့်နာမည်ကိုယ် ရဲရဲမခေါ်ရဲဘူး