Thursday, February 18, 2016

စိတ်ခတ်ကျောက် ၂

အမှန်တရားတံခါးလာခေါက်မယ့်နေ့ကိုစောင့်နေတာ တဲ့
ပလက်ဖောင်းပေါ်ခေါင်းတင်အိပ်နေရတဲ့ကောင်က ထ အော်တယ်
ဘုရားသခင်နဲ့ စကားပြောချင်တယ်ဆိုတဲ့ ဝါကျကို
ကြိတ်စက်ထဲ လက်တစ်ချောင်းလုံးညပ်ဝင်သွားတဲ့အသံနဲ့ တဖွဖွ ရွတ်ဆိုတယ်
ဘာထူးသေးလဲ
ကိုယ့်စိတ်ကိုယ် အရည်ဖျော်ပြီး တစ်စက်ချင်း ခေါက်ချပစ်
ဒီနေ့ရလိုက်တဲ့တရားက မတရားမှု
အန္တရာယ်ဟာ အာဏာရှင်လို ကျောနံပါတ်ပြောင်းဝတ်ထားတယ်
ကိုယ့်ကိုရန်သူ့လက်ကလွတ်မြောက်စေခဲ့တဲ့ ဆောင်ဓားက
ကိုယ့်ဇက်ပေါ် အရှိန်နဲ့ပြေးဝင်လာတဲ့ ခံစားမှု
ဘာထူးသေးလဲ
ကိုယ့်စိတ်ကိုယ် အရည်ဖျော်ပြီး တစ်စက်ချင်း ခေါက်ချပစ်
လျှာတစ်ချောင်းလုံးပြတ်ထွက်သွားလည်း အမှန်တရားအကြောင်းပဲ ငါပြောမယ်
လက်တစ်ချောင်းမှမရှိတော့ရင်လည်း မေတ္တာတရားကိုပဲ ငါပေးမယ်
အခုတော့ စပါးစိုက်ရင်း ထမင်းငတ်နေရတာလောက်
အသည်းနာစရာကောင်းတာ မရှိတော့ဘူး တဲ့
ဘာထူးသေးလဲ
ကိုယ့်စိတ်ကိုယ် အရည်ဖျော်ပြီး တစ်စက်ချင်း ခေါက်ချပစ်

ဆိုဗိယက်စစ်သည်တော် ၇၀၅ ယောက်ကို ဇီဝန်ချွေပစ်ခဲ့တဲ့ ဆီမိုဟိုင်ဟာ
စတာလင်ဂတ်မှာ နာဇီစစ်သူရဲ ၅၄၂ ယောက်ကို သုတ်သင်ပစ်ခဲ့တဲ့ အီဗန်ဆစ်ဒိုရန်ကို
အဲဒီသူရဲကောင်းတွေရဲ့စနိုက်ပါ ငါ့လက်ထဲရောက်နေရင်တောင်
အခု ငါပစ်ချရမယ့်ကောင်တွေက တစ်ယောက်မှ ခေါင်းမပါဘူး တဲ့
ဘာထူးသေးလဲ
ကိုယ့်စိတ်ကိုယ် အရည်ဖျော်ပြီး တစ်စက်ချင်း ခေါက်ချပစ်
လေယာဉ်ပျံပေါ်က အရှိန်နဲ့လွင့်စင်ပဲ့ထွက်လာတဲ့ သတ္တုတစ်စလို
ရေဒီယိုထဲက ရုန်းကန်ပွင့်ထွက်လာတဲ့ မိန့်ခွန်း
တန်းတူညီတူမဖြစ်သမျှ ကာလပတ်လုံး ဖာသယ်လိုနိုင်ငံမျိုးဖြစ်နေမှာပ
မှန်တယ်
နဖူးကို တည့်တည့်နစ်ဝင်သွားတဲ့ ကျည်ဆန်လို
မှန်တယ်
လည်မျိုကို ထုတ်ချင်းဖောက်ထွက်သွားတဲ့ မြားလို
ဘာထူးသေးလဲ
ကိုယ့်စိတ်ကိုယ် အရည်ဖျော်ပြီး
တစ် စက် ချင်း
ခေါက် ချ ပစ်။ 


0 comments:

Post a Comment