Tuesday, February 16, 2016

စိတ်ခတ်ကျောက် ၅

ဒုက္ခပူပူအပေါ် ဘယ်လိုစိမ်းလန်းနည်းမျိုးတွေ သွန်ချပစ်လိုက်ရမလဲ
ပင့်ကူမျှင်တွေအလိမ်းလိမ်းကပ်နေတဲ့အသံတစ်ခု အမှောင်ထဲကခုန်ထွက်လာတယ်
ကမ္ဘာကြီးတစ်ခုလုံးကို ပုခုံးနှစ်ဘက်ပေါ်တင်ထားခဲ့တဲ့လူတွေ
တစ်ဘဝပြီးတစ်ဘဝ သမိုင်းပေါ်ဖြတ်လျှောက်သွားပုံက သေရာက ရှင်လာသူတွေလို အံ့သြဘနန်း
ကိုယ့်စိတ်ကိုယ်ခြေနဲ့နင်းလျှော်ပြီး ကိုယ့်အသက်ရှုသံကိုယ်ခေါက်သိမ်းထားချင်တဲ့နေ့တွေ
အဆင်မပြေချင်ရင် ကိုယ့်လက်ထဲရောက်နေတဲ့ တစ်နေ့စာလုံး ကျကွဲပေါ့
စားပွဲပေါ်တင်ထားတဲ့စာအုပ်တွေ မီးထတောက်တဲ့အခါ
ငယ်ဘဝရဲ့အမှားတွေ အမှောင်ထဲ ထ ထ ပွင့်တဲ့အခါ
ကိုယ့်အပေါ် အကြိမ်ကြိမ်မှောက်ကျနေတဲ့ အသိဥာဏ်က ညှော်စော်နံလာတယ်
ဒုက္ခနဲ့တွေ့တဲ့အခါ လောကဟာ တစ်ယောက်ထဲ ကွက် ရှင်တယ်
နှုတ်မရတဲ့သပ်တစ်ချောင်းလို အဲဒီအနာဟာ တဆတ်ဆတ်ခါလို့
ဘဝကို လွယ်လွယ်နဲ့ အနိုင်မယူနိုင်တဲ့အခါ ကိုယ့်နာမည်ကိုယ် ရဲရဲမခေါ်ရဲဘူး
အထီးကျန်ဘဝရဲ့ ခက်ထန်မာကျောမှုဆိုတာ မီးနဲ့မတွေ့ရသေးတဲ့ ဓား
အချစ်ဆိုတာ ကမ္ဘာပတ်လမ်းကြောင်းထဲ ပေါက်ဓားတစ်ချောင်းလို ပစ်ထည့်လိုက်ရင်တောင်
နွေပူပူထဲ ထီးလိုပြန်လာပြီး ဆောင်းအေးအေးကို ပျော်ကျစေမယ့် မီးလင်းဖိုလေးပေါ့
အရိပ်စစ်မယ့် သစ်ပင်တစ်ပင် စိုက်ချင်တယ်
အပြစ်ကင်းတဲ့ သီချင်းတစ်ပုဒ် ဆိုချင်တယ်
အရောင်တွေ ပြစ်ခဲလာတဲ့အခါ ဘဝကိုအရင်းအတိုင်းချွတ်ချထားခဲ့ချင်တယ်
လူ့ဘဝကို အကောင်းမြင်ကြည့်ရင် လျှာတစ်ချောင်းလုံး ဖြတ်သိမ်းထားလိုက်ချင်တဲ့ အရသာ
ဖုန်အလိမ်းလိမ်းကပ်နေတဲ့ အသားစတစ်ဖတ်ဟာလည်း ဆာလောင်သူအတွက် သေရေးရှင်ရေး
ဘာမှမရေးရသေးတဲ့စာရွက်လောက်ဖြူစင်တာ ဘာရှိဦးမလဲ အမေရယ်
လူဟာ လူစော်နံလာတဲ့အခါ
လူဟာ လူကိုရွံလာတဲ့အခါ
ကိုယ် ကိုးကွယ်ရာဟာ ကိုယ့်ရင်ထဲ ဓားလို ခုန်ဝင်လာခဲ့တယ်
ဓား လို။


0 comments:

Post a Comment