Thursday, February 18, 2016

စိတ်ခတ်ကျောက် ၎

ဒီထက်သွေးပျက်စရာဘာရှိသေးလဲ
လူ့အသိုင်းအဝိုင်းထဲကနေ လူ့ဘဝကို သူကိုယ်တိုင် လှီးထုတ်ချင်နေတယ်
မြောင်းထဲမှာ လောက်တဖွားဖွားကျနေတဲ့ ခွေးသေကောင်လို 
လမ်းပေါ်မှာ ကျည်တဖွားဖွားကျနေတဲ့ လူသေကောင်တွေ 
ဘယ်လိုသွေးအမျိုးအစားဖြစ်ဖြစ် ဖောက်ထုတ်ပစ်စရာ တစ်စက်မှမကျန်တော့ဘူး
နာရီတွေက ရပ်နေတယ် အချိန်တွေက ပြေးနေတယ် သူလည်းပြေး
စစ်ဘေးနဲ့ လက်တစ်ကမ်းအလို သေမင်းနဲ့ ခြေတစ်လှမ်းအလို
ချစ်ခြင်းမေတ္တာတရားဆိုတာ ဘယ်လိုဘာသာစကားမျိုးနဲ့ပဲ ခလုတ်ဖွင့်ဖွင့်
တစ်မိုးအောက်မှာ တစ်ရောင်ထဲ ရဲရဲပွင့်နေတာမျိုး
နာကျည်းလိုက်ပုံများ 
အခု အဲဒီအပွင့်ကိုပဲ သူက ငါးတစ်ကောင်လို အကြေးခွံလှန်ချင်နေတယ်
ကြွက်တစ်ကောင်လို အရေခွံဆုတ်ချင်နေတယ် ရင်သားတင်းနေတဲ့ ကလေးအမေက သားပျောက်ကို ဇောနဲ့ရှာသလို
သွေးဆုတ်နေတဲ့ ကျွန်တစ်ယောက်က လွတ်မြောက်မှုကို သွေးနဲ့ရှာသလို
သူ ရှာတယ် 
အခု တွေ့ပြီ 
မီးဆေးပြီးစ ဓားတစ်ချောင်းလို နေရောင်အောက်မှာ မတ်မတ်ရပ်နေကြ 
မာတင်လူသာကင်းအတ္ထုပ္ပတ္တိကို ရင်ဘတ်မှာ တက်တူးထိုးပြီး
ဒက်စ်မွန်တူးတူးရာဇဝင်ကို လက်ဖျံထဲ ဖောက်ထည့်ထားတယ်ဆိုတဲ့ကောင်တွေ 
ငါ့မှာ ယုံကြည်အားကိုးစရာ ဘာမှမရှိတော့ဘူးလို့ မြည်တမ်းနေတဲ့ ကောင်မလေးကို 
မီးပုံရှို့ပစ်လိုက်ကြသတဲ့
အဲဒီနေ့ကစပြီး လူ့အသိုင်းအဝိုင်းထဲမှာ သူ့ကို တစ်ကြိမ်မှ မတွေ့ရတော့ဘူး
ဟိုး ခပ်ဝေးဝေးမှာတော့ လူတွေကို စိမ်းစိမ်းကြီးစိုက်ကြည့်နေတဲ့ မျောက်တစ်ကောင်
သူ့အရေပြားကို သူဆွဲတင်နေပုံများ 
အခုမှ လူ့ဘဝစစ်စစ်ကို အပိုင်ရလိုက်သလိုမျိုး။ 


0 comments:

Post a Comment