လေယာဉ်ပျက်တစ်စီးလိုဝေါခနဲထိုးဆင်းလာတဲ့ အကုသိုလ်တွေပါ
တံစက်မြိတ်ပေါ် တစက်စက်စီးကျနေတဲ့ နေရောင်လို တစ်ဘဝလုံးစိတ်ပူနာနဲ့ စိုရွှဲခဲ့ရတဲ့မျိုးဆက်
ကုလားအုတ်တစ်ကောင်လို သဲပူပူပေါ် မတ်မတ်ရပ်နိုင်ဖို့
ကိုယ့်ကိုယ်ကျင့်တရားကို ကိုယ့်ဖဝါးမှာ ဘယ်အချိန်ထိ သံမှိုစွဲထားရမလဲ
ယုံကြည်တယ် မွေးရာပါသွေးဆာနေတဲ့ဓားမရှိဘူး
ယုံကြည်တယ် ကျမ်းစာလာရန်ရှာနေတဲ့တရားမရှိဘူး
ဓားလိုထက်ရှတဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ တရားကိုဆက်သဖို့
ရန်လိုစိတ်ကို သတ်ဖြတ်ပစ်ရမယ်
အခုတော့ ပြည်တွင်းစစ်ကြီးက ပြည်သူအပေါ် ကမ္ဘာပျက်မီးလို စွဲလောင်တယ်
ဆင်းရဲတွင်းက ဂုဏ်သိက္ခာကို ဇိမ်ခေါင်းလို ဆွဲဆောင်တယ်
ငါတို့ဟာ အညွန့်ခုတ်ခံထားရတဲ့အပင် အမြစ်နှုတ်ခံထားရတဲ့အပွင့်
လမ်းမရှိတဲ့ခရီးမှာ ကျည်မရှိတဲ့သေနတ်နဲ့ လောကဓံကို ဘယ်လိုပစ်ချလိုက်ရမလဲ
ကိုယ့်ရင်ဝထဲစိုက်နေတဲ့ဓားလောက် ဘယ်ဓားမှ အန္တရာယ်မကြီးဘူး
ကိုယ့်ဦးခေါင်းပေါ်တောက်နေတဲ့မီးလောက် ဘယ်မီးမှ အပူမကြီးဘူး
အဲဒီအရှိတရားတွေကို ဝမ်းနဲ့လွယ်ပြီး အမှန်တရားတွေကို မီးလိုငုံခဲ့ကြရတာ ငါတို့ပေါ့
နာကျင်စိတ်ကိုဖောက်ထုတ်လိုက်တိုင်း နာကျည်းစိတ်ဟာ ငရဲလိုပွင့်နေတာ ငါတို့ပေါ့
လူငယ်ဟာ တိုင်းပြည်ရဲ့အနာဂတ်ဆိုရင် ကျောင်းသားဟာ တိုင်းပြည်ရဲ့ ဥာဏ်ပညာပဲ
သူ့အတွေးကိုဓားလိုသွေးရင် သူ့သွေးဟာဓားလိုထက်တယ်
သူ့သွေးကိုဓားလိုတွေးရင် သူ့အတွေးပေါ် သွေးမတင်မိစေနဲ့
လူငယ်ကိုလမ်းပိတ်တာဟာ တိုင်းပြည်ကို အဆိပ်ခတ်တာပဲ
ကျောင်းသားကိုပစ်သတ်တာဟာ တိုင်းပြည်ကို သတ်ပစ်တာပဲ
လူရွှင်တော် တလွဲပြောရင် ရယ်စရာဖြစ်ပြီး သမ္မတ တလွဲပြောရင် ရွံစရာဖြစ်တယ်
Adolf Hitler လွဲခဲ့တယ်
Benito Mussolini လွဲခဲ့တယ်
Idi Amin လွဲခဲ့တယ်
Muammar Gaddafi လွဲခဲ့တယ်
ဘုရားနဲ့နီးပေမယ့် တရားနဲ့မနီးတဲ့ ဒေဝဒတ္ထနဲ့ သုပ္ပဗုဒ္ဓတို့လို လွဲခဲ့တယ်
မီးကုန်ယမ်းကုန်အလွဲတွေထဲကနေ မီးလိုယမ်းလိုပွင့်ပြခဲ့ကြတဲ့ကြယ်တွေ
ကြယ်တွေ ကြယ်တွေ ကြယ်တွေ
ကြယ်တွေဟာ တစ်ပွင့်ပြီး တစ်ပွင့်
Che Guevara ပွင့်ခဲ့တယ်
Nguyen Van Troi ပွင့်ခဲ့တယ်
Mahatma Gandhi ပွင့်ခဲ့တယ်
General Aung San ပွင့်ခဲ့တယ်
ဘယ်တော့မှ မသေမယ့်သမိုင်းနဲ့ ကမ္ဘာထက်သက်တမ်းပိုကြီးတဲ့အထိ
သူတို့ ပွင့်နေကြဦးမယ်
မီးညွန့်ကလေးတစ်စနဲ့ အမှောင်ကို ထိုးခွဲပစ်လိုက်သလို
လေပြေကလေးတစ်စနဲ့ တိမ်တွေကို တောက်ထုတ်ပစ်လိုက်သလို
ငါတို့အသံထွက်က စိတ်ကိုခြစ်ထုတ်လိုက်တိုင်း စစ်ကို ချုပ်စေချင်တာပါပဲ။
Tuesday, March 3, 2015
စိတ်ခတ်ကျောက် ၃
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment