ပြတင်းပေါက်ကို ဆောင့်ကန်လိုက်တာနဲ့ ပူအိုက်စွတ်စို ၊ အရေးပေါ်မျက်နှာအတုတွေနဲ့ အရေးပေါ်စကား အရေးပေါ်ကားများ၊
ဒီဂြိုလ်ကို ဘယ်လိုရောက်လာမိသလဲ ၊ အကြောင်းအရာမျိုးစုံနဲ့ အသက်ရှူသံ အနိမ့် အမြင့် ၊ ပြတ်နေတဲ့ မိသားစုကြိုးတွေ ၊
ပျက်၊ပြတ် နေတဲ့စိတ်တွေ ၊ မလေးကျွန်းဆွယ်မှာ တိုက်ပွဲဟာဆက်လက်ပြင်းထန်နေတယ် . klcc က ဝတ်ကောင်းစားလှဝတ်
မာနတစ်ခွဲသားနဲ့ ဟန်ဆောင်ကောင်းဆဲ ၊ လမ်းပေါ်မှာ ဒြပ်ရှိ ဒြပ်မဲ့ ၊ သက်ရှိ သက်မဲ့တွေ။ ပုလိင် ၊ နပုလိင် တွေ ၊ လိင်တွေ။
လူလိမ်တွေ လူကောက်တွေ ၊ ဆံပင်ကောက်တွေ ။မျဉ်းကွေးတွေ မျဉ်းဖြောင့်တွေ ၊ အဖြူတွေ ၊အနက်တွေ ၊ သူ့နာမည်နဲ့လိုက်အောင်
သူ့ပေါ်လစီကပဲလုပ်ယူထားသာလား ၊ ဒါမှမဟုတ် ဗျူဟာအခင်းကျွမ်းတဲ့ ချီးနား( china) တွေ စစ်တုရင်ကွက်လား ၊ မလေးမှာ မလေး ရှား
နေတယ် ၊ ကိုယ်ချင်းစာမှု ရှားတယ် ၊ စိတ်လုံခြုံမှုရှားတယ် ၊ သနားညှာတာခြင်းရှားတယ် ၊ ဘာမှမရေရာတဲ့ ဂြိုလ်မှာ ၊ ကိုယ်တွေက
ထစ်ကနဲဆို ခေါင်းစဉ်အတပ်ခံရ
၊ အော်ပရာစီ နဲ့ လွှားရပြေးရ ၊ အသက်ကို ဖက်လိုထုပ်ရ ၊ ရာသီဥတုကို
စိတ်လိုလိုက်ရ မပေါင်းသင်းနိုင်တဲ့ပန်းတွေ ၊
ပျော်ရွှင်ခြင်းကို ဘယ်တော့မှ အရင့်အမာမမွေးဖွားနိုင်ခဲ့ဘူး ၊ ရေနစ်နေမှန်းသိလိုက်နဲ့ လက်ကလေးတစ်ဖက် မကမ်းနိုင်ဘူး ၊
ပြုတ်ကျတော့မှာ သိရက်နဲ့ခြေထောက်လေးတစ်ဖက် ဆွဲမထားနိုင်ခဲ့ဘူး ၊ အဖြစ်တွေပုံရှို့ လိုက်ရင် အပျက်တွေ အူထွက်လာတော့မယ်၊
ဖုန်းကြိုးတွေနဲ့ ပို့လိုက်တဲ့စကားမက်ဆေခ်ျ့တွေ မှာ ပြောမထွက်တာတစ်ဝက် ၊ ရယ်ချလိုက်တဲ့နှုတ်ခမ်းမှာ ငိုသံကိုဖွက်ထားတာတစ်ဝက်၊
ညဆို၊ အိမ်လွမ်းစိတ်က နျူကလီးယားလိုလောင်တယ် ၊ မိသားစုရှိရာ လေယာဉ်တစ်စီးလို ပျက်ကျလိုက်တယ် ၊ အိပ်မက်တွေတောင်
ဝဝလင်လင်မရှိပါဘူး ၊ အချိန်မတော်တံခါးခေါက်သံကြားမှာ မျက်လုံးဟာ Alarm တပ် ၊ ပင်ပန်းမှုကို ခေါက်သိမ်းထားရတာပဲမဟုတ်လား၊
စိတ်ထဲမှာ ပုန်ကန်ထကြွနေတဲ့ ခံစားချက်ကို မြိုချ ၊ စိတ်မပါလက်မပါနဲ့ ကမ်းထားတဲ့လက်တွေကို မရဲတရဲဆွဲလို့ သက်မတွေနေ့စဉ်ပလုံစီ။
ကမ္ဘာမြေပေါ် ယာယီနေထိုင်သူတွေလို
လူ ၊ အဖြစ် ၊ပျေက်ဆုံး ၊ တရားမဝင် လူသား ၊ ဘာဆေးထိုးထိုး အားမရှိတော့ပါဘူး။။
ဘယ်လိုလဲ
klcc ၊ မင်းဟာမျက်နှာဖုံးစွပ် ၊ နင်ဂျာတစ်ကောင်လို
ငါတို့ကိုလုပ်ကြံဖို့ဆို အမြဲလျှင်မြန်တတ်ကြွနေတယ်၊ ညှိနှိုင်းနေတဲ့
ရာသီမှာ
သစ်ရွက်ဘယ်နှစ်ရွက် သေဆုံးခဲ့လဲ ၊ ဘဝဘယ်နှစ်ခု လွင့်ပါးခဲ့လဲ ၊ မင်းသာလူတစ်ယောက်ဆို စီးတားတဲ့ဖိနပ်နဲ့ ပါးပိတ်ရိုက်မိမယ် ၊ မသေမချင်း
ချစ်ခြင်းတရားကို ဟောရလိမ့်မယ် ၊ အခုတော့ ၊ ချွေးမတိတ်မချင်း သွေးမတိတ်မချင်း ဒဏ်ရာကို နာကျင်မှုနဲ့ထပ်ကလော်နေရတဲ့အဖြစ်။
မိုးပျံရထားတွေ ဝီကနဲ ခေါင်းပေါ် ၊ အဆောက်အဦးတွေ မြင့်မား ခေါင်းပေါ် ၊ နည်းစနစ်တွေ မြင့်မားခေါင်းပေါ် ၊ ဂလိုဘယ်လိုက်ဇေးရှင်းမှာ
မင်းမျက်နှာဟာ မိတ်ကပ်များလာပြီး ကိုယ်ကျင့်တရားကသားလျှောနေတာပါ klcc ၊ အသံနက်ကြီးနဲ့ လွမ်းမိပေမယ့် ငါတို့အလွမ်းကတရားမဝင်ဘူး၊
ခံတပ်ကြီးကလည်း
ပျက်လုပြီ ၊ ရောက်ရာအရပ်ကနေ အရောက်ပြန်လာချင်ပေမယ့်
မိသားစုတွေမပွင့်နိုင်သရွေ့ ငါတို့ကြွေနေမယ် ။အာရှကျားရဲ့
ခိုင်းနွားစာရင်းမှာ တိုးလာတဲ့နောက်တစ်ကောင်ပါ ၊ ခွန်အားတွေစီးနိုင်သရွေ့
ရသမျှဆည်ခဲ့ပါမယ်။ ငါတို့ ရဲ့ ပြင်းထန်တဲ့အော်သံ
တိုးတိုးလေး စာသားတွေအဖြစ် မျက်နှာဖုံးစွပ်လိုက်တယ် ၊ မီးစွဲလောင်နေတဲ့ သံထည်တွေဟာ တရားမဝင်ခဲ့ပါဘူး ၊ဒါက ငါ့ရဲ့အော်သံဖြစ်သလို
ငါ့လို သံထည်တွေရဲ့ အချင်းချင်းပွတ်တိုက်မှု တွေလည်း ဖြစ်ခဲ့ပါတယ် ။။
Monday, March 2, 2015
မျက်နှာဖုံးစွပ် ဂြိုလ်မှ e-mail စာသားများ
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment