Monday, March 2, 2015

သံချေးတက်နေတဲ့ စာအုပ်တစ်အုပ်ရဲ့ ၊ ညရေးညတာကိုက်ခဲမှု

အနီရောင်ပုလင်းများ  ဒယီးဒယိုင် ၊ ရာသီဥတုက  ပင်လယ်အောက်ကထွက်လာသလို ၊ ဆီးနှင်းသည်းသည်း
စိတ်လှုပ်ရှားဖွယ် အရှုံးသမားရဲ့ ဘရိတ်ပေါက်ခြင်းကားတစ်စီး ၊ ချောက်ကမ်းပါးကနေ  မီးစွဲလောင်နေတဲ့ ဆောင်းရာသီထဲ
အားကုန်ခုန်ချလိုက်တယ် ၊ကျီးကန်းတွေရဲ့နာကျင်ခြင်းအော်သံမှာ  အနာဂတ်အသားစိုင်ကြီး  ရိရွဲ ၊ ရဲရဲဝံ့ဝံ့  လွမ်းတယ်။
လေယာဉ်ပျံက  ရွတ်သွားတဲ့ ကဗျာသံဟာ ဘာလို့နားထဲလာကွဲကြေကုန်ကျတာလဲ ၊ စုတ်တံတစ်ချောင်းကိုင်ပြီး
စဆွဲလိုက်တော့ မျက်နှာတစ်ခု ၊ အချစ်တစ်ခု ၊မီးတစ်ခု ၊ ပျော်ရွှင်ခြင်းတစ်ခု  ။ အခန်းတံခါးကို ဆွဲဖွင့်လိုက်။။
ပန်ကာရဲ့ပျင်းရိခြင်းနဲ့  စီးကရက်အစီခံတစ်ချို့  ပွကြဲနေ ၊ အာရုံကြောဆေးဗူးဟာ ဗလာကိုယ်ထည်နဲ့  မျက်လုံးတစ်ဖက်ကို
ကိုက်ခဲနေစေတယ် ၊ ဖုန်းကထွက်လာတဲ့ အသံမှာ  နွေးထွေးမှုတွေ  မဖူလုံတော့တာကြာပြီ ၊ ဂရပ်ဖ်နဲ့ဆွဲလိုက်ရင်
ချစ်ခြင်းတရားက ကြမ်းပြင်မှာကပ်နေခဲ့၊ရှယ်ယာအတတ်အကျများ  တစ်နှစ်တာလှုပ်ခတ်မှုမှာ ၊ ဆန္ဒပြပွဲများ  တစ်နှစ်တာ ရင့်သန်မှုမှာ၊
ကျားကွက်များ တစ်နှစ်စာရွှေ့အပြီးမှာ ၊  လမ်းခွဲလိုက်ကြမယ်တဲ့ ၊ ဘယ်သူပြောတာလဲ ၊ လမ်းခွဲလိုက်ကြမယ် ၊

နှုတ်ခမ်းတွေရဲ့စစ်မှန်မှုကို  တယ်လီစကုပ်နဲ့ ရှာလို့မရခဲ့ဘူး ၊ နာကျင်မှုကို သက်သာစေဖို့တဲ့ လမ်းခွဲလိုက်ကြမယ် ၊အပြာရောင်စွန်တွေ
လွှတ်ဖူးခဲ့ ၊ ရစ်ဘီးလေးကိုထားခဲ့မယ် ထင်မထားဘူး ၊
ထိုင်ခုံလေးကို တရားမဝင်  ကွာရှင်းခဲ့  ၊Burt Bacharach ရဲ့ ဓာတ်ပြားသီချင်းနဲ့  စိတ်တွေအခန်းထဲပူလောင်အေးစက်၊ညစာစားခြင်း
အမှုဟာ ပျင်းရိစွာနေရာအနှံ့ စီးဆင်းခဲ့ ၊ စိတ်ချလက်ချ အနားယူလိုက်ဖို့ မလွမ်းမိဖို့လိုမယ်၊ နှိပ်စက်နေတဲ့ အသံဟောင်းဂီတမှာ ညစ်နွမ်း
နေသူ ၊ သစ်သစ်လွင်လွင်နဲ့ ငါ့ကိုယ်ငါ မြင်ရဖို့ ဘယ်လိုတွက်ယူရမလဲ ၊ ဆံနွယ်တွေလွင့်ခါလိုက်တာအစ နှုတ်ခမ်းသားတွေ တုန်ခါခဲ့ပုံအဆုံး၊
အကျအဆုံးများခဲ့တဲ့ တိုက်ပွဲပါ ၊မြင်နေရတဲ့  မျက်နှာတွေကို မယုံနိုင်တော့ဘူး ၊ အစွဲကိုမချွတ်နိုင်တဲ့အဆုံး အစကိုပဲဆွဲထုတ်နေတယ် ၊
အိပ်ငိုက်နေတဲ့ ကြယ်တွေငေးကြ ၊ လက်ဖဝါးနှစ်ဖက်ကို  ဘယ်ကံတရားမှမပွတ်တိုက်နိုင်ဘူးလို့  ယုံကြည်ခဲ့တဲ့နေ့စွဲတွေ ၊
အချစ်ကသွေးအားကောင်းကောင်းနဲ့  ပွင့်နေတဲ့ပန်းခင်း ၊ မုန်တိုင်းဟာ မေ့ထားမိတဲ့ထောင့်ကနေ ၊ ရှန်ပိန်ပုလင်းတွေ ဖောက်ချလိုက်သလို၊။။
ရုတ်တရက်  ဖျားနာခဲ့ ၊မျှော်လင့်ခြင်းတွေ အသုဘဆန်ဆန် ၊ မျက်လုံးများ ညစ်ထေးကုန်ကြ ၊လေထဲမှာ အော်မြည်နေတဲ့ အသံတွေ
ငါမတားနိုင်ဘူး ၊ညတိုင်းရူးသွပ်ကုန်ကြတယ် ၊ရုတ်တရက် ပုခုံးကိုလှမ်းပုတ်လိုက်သလို  လမ်းခွဲလိုက်ကြမယ် ၊
စီးကရက်တွေ တစ်ကိုယ်လုံးလောင်ကျွမ်း ၊ကော်ဖီခွက်တွေ တစ်ခွက်နဲ့တစ်ခွက် မမှတ်မိတော့တဲ့အထိ  ငါ့ကိုယ်ငါသူစိမ်းဆန်ခဲ့၊
အရာအားလုံးဆီက တိုးထွက်ချင်နေတဲ့ ဝိညဉ် ၊ ..................၆.၃ .၂၀၁၄ ။စာအုပ်ဟာ စိတ်ဖိစီးမှု တစ်ထပ်နဲ့ အိပ်မောကျလို့၊
မျက်လုံးတွေက ပုန်ကန်လိုက်တဲ့ အိပ်စက်ခြင်းတွေ ၊ ပြတင်းကိုဖွင့်မိတော့ ....နှင်းထဲ သစ်ရွက်လေးတွေ နာကျင်မှုနဲ့  ဆတ်ဆတ်တုန်။  ။







0 comments:

Post a Comment