Monday, March 2, 2015

အစမှာထဲက အရူးတစ်ယောက်လို ချစ်ခြင်းမေတ္တာဆိုပြီး စတယ်

ဖျော့တော့တော့ အလင်းစိုင်ထဲ တိမ်တွေဝင်သွားသလိုမျိုး
မှောင်မည်းနေတဲ့ညတွေကို ကြောက်ရွံ့ပျို့အန်မိတယ်
ငါဟာ ငါ့ကိုယ်ငါ မသတီတဲ့ သူများလားကွယ်
စိတ်ကူးတွေကို နံရံပေါ်မှာချိတ်ထား/ တကယ်တော့ သက်သာရာများ ရမလားလို့ပါကွယ်
အလှမ်းကျယ်တဲ့ ဝေးကွာခြင်းကို ခွေခွေခေါက်ခေါက်ပဲ ထုပ်သိမ်းထားတယ်
ငါညှိတဲ့ ဆေးလိပ်မီးက ငါ့ကို ပြန်လောင်ကျွမ်းနေသလိုမျိုးဆိုပေမယ့်
ပူလောင်မှုဆိုတာက ထူးထူးခြားခြား မရှိတဲ့ ဇာတ်လမ်းလောက်ပါပဲ မေဂျူနို
စိတ်ကို အလိုလိုက်ပစ်လိုက်.. ဘယ်လောက်များ လမ်းဆုံးမလဲ
မှောက်မှားမိသမျှတွေက လူ့အဖြစ်ရဲ့ အရသာတွေချည်းပေါ့ကွယ်
ငါ့ကိုယ်ငါ ခိုးပြီးနာကျင်နေရတဲ့အခါ ပျော်စရာဇာတ်လမ်းတွေပဲ နင့်ကို ရွေးပြီးပြောပြမယ်
နင်သတိရနေတဲ့အခါ ငါ့ကို အခေါက်ခေါက် အခါခါပြန်ဖတ်ပါ
မှတ်မှတ်ရရ သိမ်းဆည်းပါ...မေဂျူနို
မလိုတမာရနံ့တွေ စွဲကျန်နေတဲ့ ခေတ်ရဲ့ ဟန်ဆောင်မှုရင်သား လှလှပေါ်မှာ
လေနဲ့ပေါ့ပေါ့ပါးပါး ပါသွားတဲ့ မိုးပျံပူဖောင်းလေးကို အားကျတယ်
တဖျစ်ဖျစ်တောက်ပေးနိုင်တဲ့ မီးတောက်လေးရဲ့ အနွေးဓါတ်ကို အားကျတယ်
ဒီလိုပဲ ကိုယ့်စိတ်ကျရောဂါနဲ့ကိုယ် အခါခါသေနေရတာပါကွယ်
အထီးကျန် ခံစားမှုကို ဆေးလိပ်ငွေ့တွေပေါ် ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်တယ်
ငါလည်း သိပ်မခမ်းနားတဲ့ မြစ်တစ်စင်းပဲ လွပ်လွပ်လပ်လပ် စီးဆင်းမိရုံပါ
ငါ့အမှန်တရားမှာ ပတ်ဝန်းကျင်က ငါတို့ကို ရင်ခွင်ထဲထည့်ပြီး မကြာခဏ ဓါးနဲ့ထိုးတော့တာပဲ မေဂျူနို
ဖွဖွလေး ရယ်နေရုံပေါ့ကွယ်.. ချစ်ခြင်းတရားဆိုပြီး..
အစတွေကို မီးခလုပ်တစ်ခုလို ဖွင့်ချလိုက်တယ်
အဆင်မပြေမှုတွေ ရွှင်ရွှင်ပြပြ ထိန်လင်းလို့
စောက်တလွဲတွေချည်းပါကွာလို့ ပျစ်ပျစ်နှစ်နှစ် ဆဲဆို
ဆီလီကွန်လို ရောင်ရမ်းနေတဲ့ အဆိပ်အတောက် လူမှုရေးတွေ
မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းတိုင်းက ဒုက္ခသစ္စာတွေချည်းပါကွယ်
နင့်စိတ်ကူးတွေနဲ့ ငါ့ကို ရဲရဲရင့်ရင့် ဖြတ်သန်းပစ်လိုက်ပါ
ရေခန်းခါနီး မြစ်တစ်စင်းက ငါဆိုရင်ပေါ့ကွယ်
နင် ဖုန်တွေခါပြီး ထုတ်လှမ်းလိုက်တဲ့ ငါ့တန်ဖိုးဆိုတာ ငါ့ကဗျာတွေပါပဲ မေဂျူနို..။







0 comments:

Post a Comment