ညီမလေး ၁
----------------
ကောင်းဘွိုင်ရုပ်ရှင်တွေ ကြိုက်တဲ့ ညီမလေးက
သူ့လက်ညှိုးလေးကို သေနတ်ပုံစံမျိုးနဲ့ ယမ်းငွေ့တွေစင်သွားအောင် မှုတ်ထုတ်လိုက်တယ်
သေနတ်မှန်လို့ လဲကျသွားသလို သရုပ်ဆောင်လိုက်တဲ့ ငါ
ပြန်မထ လာတော့တဲ့အခါ
မျက်ရည်ဝဲနေတဲ့ မျက်လုံးနဲ့ ငါ့ကို လှုပ်နိုးရင်း
သူ့နာရီ ပန်းရောင်လေးရဲ့ ဒိုင်ခွက်ကို ထိုးပြတယ်
ကွဲကွာသွားတဲ့ မိသားစုဓါတ်ပုံက ညီမလေးမျက်ရည်တွေနဲ့ ရွှဲနစ်လို့..။
ညီမလေး ၂
---------------
အမေက ဆေးလိပ်နံ့ မကြိုက်ဘူး
အဖေက စီးကရက်တစ်ဘူး ဝယ်လာတယ်
ညီမလေးက စီးကရက်ဘူးကို ကပ်ကြေးနဲ့ ညှပ်လိုက်တယ်
အဖေစိတ်ဆိုးပြီး ရိုက်တဲ့အခါ
ညီမလေးက ဗလာစာအုပ်ထဲကနေ
ဖေကြီးကို ချစ်တယ် ဆိုတဲ့ စာမျက်နှာလေးလှန်ပြခဲ့တယ်..
အဖေက ဆေးလိပ်တွေ ဆက်သောက်တယ်
ညီမလေးက ဖေကြီးကို ချစ်တယ် ဆိုတာတွေ ဗလာစာအုပ်ထဲမှာ
ဆက်ရေးနေတယ်...။
ညီမလေး ၃
----------------
စနေနေ့ရဲ့ လက်ဖဝါးပေါ် ညီမလေး ရောက်လာခဲ့တယ်
ကံဆိုးပါတယ်ဆိုပြီး တယူသန်ပစ်လိုက်တဲ့ အယူအဆတွေက ဝိုင်းကိုက်ခဲကြ
ညီမလေးရဲ့ အရေပြားမှာ နာကျင်မှုတွေက အရွယ်နဲ့မမျှဘူး
အဖေနဲ့အမေ ရန်သူကြီးတွေလို စစ်ဖြစ်နေတဲ့အခါ
ဆွံ့အနေတဲ့ချောင်ထဲ တုန်ယင်နေရှာတဲ့ ညီမလေးရဲ့ လက်ကလေးတွေက အေးစက်
အရှိုးရာထပ်နေတဲ့ ကြိမ်လုံးလေးကို သူခန္ဓာကိုယ် သေးသေးလေးနဲ့
မလုံမခြုံ ဝှက်ထားခဲ့တယ်..။
ညီမလေး ၎
--------------
ရုပ်မြင်သံကြား စက်ပေါ်က ဟာသအငြိမ့်တွေ ကြည့်ရတဲ့အခါ
ညီမလေးက တခစ်ခစ်နဲ့ ရယ်တယ်
မျက်နှာပေါ်မှာ နာကျင်မှုတွေက ကင်းစင်လို့
ရှင်ပြုတဲ့ ပြက်လုံးတွေ ပါလာတော့
ဓါတ်ပုံ အယ်လ်ဘမ် ထဲက ငါရှင်ပြုတုန်းက ဓါတ်ပုံတွေကို ယူလာပြီး
ကတုံးတုံးနေတဲ့ ပုံကိုကြည့် လက်ခုပ်တီးပြီး တခစ်ခစ်နဲ့ ရယ်ပြန်တယ်
ပြီးတော့ အဖေနဲ့အမေကို အဲဒီပုံလေးပြဖို့
အိမ်ရှေ့ခန်းမှာ တစ်ညလုံးစောင့်ရင်း ဓါတ်ပုံအယ်လ်ဘမ်ကို ပိုက်ပြီး အိပ်ပျော်သွားရှာတယ်..။
ညီမလေး ၅
--------------
အဲဒီနေ့မှာပေါ့
အဖေက အိမ်အပြန် မူးလာတယ်
ငါကလည်း အရက် သောက်လာခဲ့
ညီမလေးက ငါ့ကို ချီခိုင်းလို့ ချီလိုက်တယ်
ငါ့ဆီက အရက်နံ့တွေ ရနေတဲ့အခါ
ညီမလေးက အဖေ့ကို လက်ညှိုးထိုး
ငါ့ကို ထုရိုက်ပြီး ဒေါသတွေ ထွက်နေခဲ့တယ်
ငါ့မှာ ဘာမှ ဖြေရှင်းစရာ မရှိခဲ့ဘူး ညီမလေးရယ်..။
ညီမလေး ၆
--------------
ညီမလေးက သူရေးထားတဲ့ စာလေးလာပြတယ်
အိပ်မက်ဆိုတဲ့ စာကြောင်းအောက်မှာ
ဖေဖေရယ်
မေမေရယ်
ကိုကိုရယ်
ညီမလေးရယ်
ဂါဝန်လှလှလေးရယ်၊ အရုပ်မလေးရယ်
ထမင်းစားပွဲမှာ မေမေက ထမင်းခွံ့တယ်တဲ့..။
ကြေကွဲစရာဟာ ပျော်ဖို့ကောင်းပါတယ်
ငါ့မှာ ညီမလေးမသိအောင် မျက်ရည်ကျရတယ်..။
ညီမလေး ၇
--------------
ညီမလေး နေမကောင်းဘူး
ဆေးတိုက်တဲ့အခါ
သူပြောပြတဲ့ ပုံပြင်တွေနားထောင်မှ ဆေးသောက်တယ်
ပုံပြင်ထဲမှာ ငါ့ကို ဇာတ်လိုက်ဆိုရင်
ငါ့ကိုကိုက အရက်သောက်တယ် ဆေးလိပ်သောက်တယ်
ငါ့ကိုကို ကိုငါမုန်းတယ်
အရက် ဆေးလိပ်တွေကို ငါပိုမုန်းတယ်ဆိုပြီး
သူ့အရုပ်မလေးကို ညီမလေးက ပုံပြင်တွေပြောပြခဲ့တယ်...။
ညီမလေး ၈
--------------
ငေးတယ်... ငေးနေတယ်
အစစကနေ အရာရာကို ငေးတယ်
လောကဓံကို ကြောက်တတ်လာပုံက
လေရူးတစ်ချက်မှာ ငါက နာကျင်နေရသလိုမျိုး
ပန်းတစ်ပွင့်ကို စိတ်လိုက်မာန်ပါ ချိုးပစ်လိုက်တယ်
ညီမလေးက ပြုံးပြီး ပြောတယ်
ကိုကို ချိုးလိုက်တဲ့ ပန်းပွင့်လေးက နာကျင်ရှာမှာပဲနော်တဲ့
လောကဓံ ဆိုတဲ့ စကားစုထဲ
ကိုယ်ချင်းစာတရားက ညီမလေးပြောတဲ့ ပန်းပွင့်လေးပါပဲ...။
ညီမလေး ၉
--------------
ကြယ်တွေ လက်ခနဲ ကြွေချိန်
မျက်ဝန်းလေးထဲ လင်းသွားတယ်
ညီမလေး ဆုတောင်းသံက
လက်ပတ်နာရီထဲက လက်တံရွေ့သံလိုမျိုးလေး
ညင်ညင်သာသာ ထွက်လာတာက
ပျော်...ရွှင်....မှု......
ကြယ်တွေသာ တစ်စင်းပြီးတစ်စင်း ကြွေသွားရှာတယ်...။
ညီမလေး ၁၀
---------------
အိမ်ဆိုတဲ့ ပညတ်မှာ
အရာအားလုံး တိတ်ဆိတ်လို့
ကြောက်ရွံ့အေးစက်တဲ့ လက်နှစ်ဖက်ကို
ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်
ကျကွဲသွားတဲ့ ပန်ကန်ကွဲစတွေနဲ့
အမေကိုင်ထားတဲ့ ကြက်မွှေးတံမြက်စည်း
မျက်ရည်ဝိုင်းနေတဲ့ ညီမလေးရယ်..
အသံမထွက်ရဲ ရှာတဲ့ ငိုသံတိုးတိုးလေးတစ်ခုရယ်..။
ညီမလေး ၁၁
------------------
မိသားစု ထမင်းဝိုင်းထဲ
အမေက ကြက်သားဟင်း ထည့်ပေးတဲ့အခါ
ညီမလေးပန်ကန်ထဲ ဟင်းက ငါတို့ထက် ပိုနည်းသွားခဲ့တယ်
ညီမလေး စိတ်ကောက်ပြီး ထမင်းမစားဘူး
အဖေက ဟင်းထပ်ထည့် ပေးတော့
ဟင်းများများ စားချင်တာ မဟုတ်ပါဘူး
မေမေက သမီးကို ပိုချစ်စေချင်တာပါလို့
ညီမလေးက ထမင်းဝိုင်းမှာ တိုးတိုးလေးပြောတယ်…။
ညီမလေး ၁၂
****************
ညီမလေး ရေးနေတယ်..
ဗလာစာအုပ်ထဲမှာ ညီမလေး အထပ်ထပ်အခါခါရေးတယ်
အမှတ်မထင် ကြည့်မိလိုက်တဲ့ ငါ့မျက်လုံးထဲ စာလုံးတွေ စိုက်ဝင်
သူ့နာမည်လေးကို သူကိုယ်တိုင် အများကြီးရေးလို့
မျက်နှာလေးက ပြုံးပြီးပျော်နေ
ဒါပေမယ့် နာမည်တစ်ခုနဲ့တစ်ခုကြားမှာ ကြက်ခြေခတ်တွေ……။
ညီမလေး ၁၃
-------------------
ငါက ဂစ်တာတီးတယ်
ညီမလေးက သီချင်းဆိုတယ်
အဖေနဲ့အမေက လက်ခုပ်တီးတယ်
ဒါ ငါတို့မောင်နှမ နှစ်ယောက်ရဲ့ စိတ်ကူးယဉ်။
ညီမလေး ၁၄
-----------------
အိမ်ရှေ့မှာ ညီမလေး ထိုင်နေတယ်
မြင်ကွင်းထဲ ကလေးတွေ ကစားနေကြ
ညီမလေးမျက်လုံးတွေက အရောင်တောက်နေခဲ့
အရောင်တွေက ချက်ချင်းပဲ ပြန်ပြီး မှေးမှိန်လို့
ညီမလေးက ပြောတယ်
သူတို့က ညီမလေးကို ဝင်မကစားခိုင်းကြဘူး
လက်သီးဆုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်
အံကိုကြိတ်ထားပေမယ့် မျက်ရည်တွေ ဝိုင်းလို့...။
ညီမလေး ၁၅
-----------------
ညီမလေး ဝတ်လာတယ်
Rapper တွေလိုမျိုး
Rap သီချင်းတွေ ဖွင့်ပြီး ကတယ်
ညီမလေးက ပျော်လို့ရွှင်လို့ပေါ့
လက်ကလေး လှုပ်တယ်
ခြေထောက်လေးကို ကြွတယ်
သီချင်းဆုံးသွားတဲ့အခါ
ကိုကိုက သမီးကို သိပ်ချစ်တာလို့
အဖေနဲ့အမေကို လက်မထောင်ပြီးပြောပြတယ်...။
ညီမလေး ၁၆
----------------
ငါ့စိတ်ကူးမှာ ငါဟာကျရှူံးသူပါပဲ
အဝေး တစ်နေကနေပေါ့
ညီမလေးကို ကဗျာစာသားလေး ဖတ်ပြတယ်
*ငါ့မှာ မင်းတို့ ငယ်နာမည်တွေ ရေရွတ်လို့
ဟိုးအဝေးမှာ စက္ကူစွန်လေးတွေ ဝဲပျံလို့
အဖေဆိုတာ
မိသားစုဆီ
ပြန်မလာဖြစ်တော့တဲ့ ငှက်တစ်ကောင်သာ.*
ညီမလေး ငိုတယ်...
ငါတို့ဟာ လောကဓံကို ကျေကျေနပ်နပ် ကျရှူံးသူတွေပါကွယ်..။
ညီမလေး ၁၇
-----------------
ညီမလေး မွေးနေ့
ညီမလေး မွေးနေ့ပါ
ညီမလေး မွေးနေ့ပေါ့ကွာ
လူမှုနေထိုင်ရေးထဲ ဘာတစ်ခုမှ အဆင်မပြေ
ညီမလေးက လူဦးရေ သန်းခြောက်ဆယ်လိုမျိုး
ကံဆိုးတယ်..။
Monday, March 2, 2015
ညီမလေး
Posted by
Unknown
at
3:40 AM
Labels: ကျော်ဦးလှိုင်
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment