Monday, March 2, 2015

အရေးပေါ်ကမ္ဘာကြီးအတွက် ခုတွေ့မယ် ဒါမှမဟုတ် နောက်မှသိမယ်ကို အလျော်ပေးထားလိုက်

ဘာမှ မရှိတော့ဘူး ဒါမှမဟုတ် ဘာမှ မရှိခဲ့ဘူး
ဘယ်သူမှ မရှိတော့ဘူး ဒါမှမဟုတ် ဘယ်သူမှ မရှိခဲ့ဘူး
မင်းအမေ မင်းကို ချစ်ခဲ့သလား ဒါမှမဟုတ် မင်းအမေ မင်းကို
ချစ်ခဲ့သလား
လွယ်ကူမှုထဲ လွယ်လွယ်ပဲ လိမ့်ဆင်းကွဲကြေပစ်တော့မလားကမ္ဘာ
ဒါမှမဟုတ် မင်းချစ်သူတရားမျှတမှုက အာဏာပါဝါရဲ့မယားငယ်ဘ၀ကို
သာယာသွားပြီလားကမ္ဘာ
လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းရင်း လွဲချော်နေတဲ့ ငြိမ်းချမ်းရေးလား
ဒါမှမဟုတ် မိစ္ဆာတွေ ကန်သွင်းတိုင်း ခွင့်ပြုလိုက်ရတဲ့စစ်ပွဲတွေလား
လူတွေက စစ်ရဲ့အသားမှ မပါရင် ထမင်းစားမမြိန်ကြတော့ဘူး
ကွန်ယက်သဖွယ်ချိတ်ဆက်နာကျင်စေတတ်သောမီးများ
သွေးကြောတစ်လျှောက် မြောင်းဖောက်လှိုက်လောင်လို့
တစ်သွေးတစ်သံတစ်မိန့်ခွေးဘီလူးဆန်မှုတွေထဲ
ငါတို့လည်း မင်းခန္ဓာပေါ် အတုံးအရုံးလဲကျ နင်းချေခံရ
အရေးပေါ်နည်းပညာ အရေးပေါ်မဟာဗျူဟာ
အရေးပေါ်သတင်းအချက်အလက်
အရေးပေါ်နာမည်ကြီးနည်းကဗျာဗေဒအရေးပေါ်ခွဲစိတ်ခန်း
အရေးပေါ်လူနာတွေ အရေးပေါ်သေကြေကြရတာပဲ
ဒဏ်ရာဟာ ညနက်သထက်နက်လာ
ဆေးမမီခဲ့တဲ့အရေးပေါ်ကယ်ဆယ်ရေးဟာ သွေးမတိတ်တော့ဘူး
အပိုင်းပိုင်းအတစ်တစ် ပြတ်တောက် တစ်စစီပြိုကွဲ

0 comments:

Post a Comment