ရှုပ်ထွေးလာ ... ပိုပြီးရှုပ်ထွေးလာ ... အရှုပ်ထွေးဆုံးဖြစ်လာ။
မသေမရှင် မသေ သို့သော် မရှင်။ဆေးစားဆေးသောက်က
နေ့ရွှေ့ညရွှေ့မရဘူး။ထစ်အနေတဲ့အတိုင်း အတည်ကြီး တန့်နေ။
အရည်မရအဖတ်မရ အရည်ရတော့ အဖတ်ဆယ်မရ။ခေတ်ရေစီးထဲ
ပေါလော/ပက်လက်မျော။
ဘွဲ့ဆိုတော့ ဘွဲ့လိုက်ရ။အလုပ်ဆိုတော့ ဟုတ်လိုက်ရ။စိတ်ကူးစိတ်သန်းနဲ့
ခြင်းတောင်းထဲကသစ်သီးပုပ်ဟာ အတူတူပဲ။ဒီအသက်အရွယ်မှာ အချစ်လည်း
လိုတယ်။အားကောင်းမောင်းသန်လည်း လိုတယ်။ငွေကြေးနဲ့အပျော်အပါး
တစ်ပြိုင်နက်တည်း လိုတယ်။လမ်းစကားဘန်းစကားလေးလည်း တတ်
အသောက်အစားလေးလည်း ဖက်လိုက်ချင်တယ်မဟုတ်လား။
ကျောတယ်ထင်ရင် မောသွားမယ်။လက်ဖျံရိုး ချိုး
ဓားလို ကိုင်ပြီး ထိုးပစ်လိုက်။သင်တန်းတွေ စက်သေနတ်ပစ်သလို တရစပ် ပြေးတက်ရ။
ဘာသာစကားတွေ နင်နေနင့်နေအောင် ပလုပ်ပလောင်း အပြောကျင့်ရ။စလုံးလားမလေးလားဂျပန်လားကိုရီးယားလား။ရှာရမယ့်ငွေက ငယ်ထိပ်ကို
မြွေဟောက်လို လှမ်းပေါက်တယ်။ငါတို့ရဲ့စွမ်းအားဟာ ဒီနိုင်ငံမှာ ရွှေဖြစ်ဖို့ငြင်းဆန်ခံရ။
မြေအောက်ကနေ လျှပ်စစ်ဓာတ်တွေ သွယ်တန်းစွန့်ထုတ်ပစ်သလို ငါတို့အရည်အချင်းဟာ
ရေပိုက်ခေါင်း လှည့်ဖွင့်သလို တိုင်းတစ်ပါးသားတွေဆီ ပန်းထွက်ပေးရ။
ရေးလက်စကဗျာနဲ့ ... သွင်းလက်စသွေးနဲ့ ...။ယုံကြည်ချက်ကို တစ်ခုခုပေါ် ဦးလည်မသုန်
ထိုးစိုက်ပစ်လိုက်ဖို့ မြနေအောင် သတယ်။ပြတင်းတံခါးကို ဖွင့်ချည်ပိတ်ချည်။ရှုမျှော်ခင်းထဲ
ငှက်လို
ပျံဆင်းလိုက် ရှုမျှော်ခင်းတွေဆီ ဒလိမ်ကောက်ကွေး
ပြုတ်ကျလိုက်။တီဗွီကြည့်ရင်း
စာအုပ်ကောက်ကိုင်မိ။ယောက်ယက်ခတ်တယ်။ငြိမ်သက်တယ်။မကျေနပ်ရင် အော်ဆဲလိုက်။
မိသားစုကိုလည်း
ပြန်ရချင်တယ်။သွေးစသွေးနတွေကိုလည်း ပြန်ရချင်တယ်။ဖြစ်နိုင်ရင် ဘ၀ကို
ဖောက်ထားတဲ့မြေအောက်လမ်းလား။စစ်တကာ့စစ်ထဲမှာ ကဗျာဆရာအချင်းချင်းတိုက်တဲ့
ဣဿာမစ္စရိယစစ်ကို အမုန်းဆုံးပဲ။
အသားစိုင်ကို ကျားရိုင်းလို ကုတ်ခြစ်ဖို့ ချောင်းမြောင်းနေတဲ့အတွန်းအတိုက်တွေထဲ နိစ္စဓူဝ
တက်လိုက်ဆင်းလိုက်။နှုတ်ခမ်းကို တင်းနေအောင် စေ့ထားတိခနဲ။သက်ပြင်းချလိုက် ခေါင်းမော့လိုက်။
အဝေးရောက်နေတဲ့ချစ်သူကိုစိတ်မချဘူး။ကျန်းမာရေးက နေ့လားညလားဆိုသလို
ငွေရေးကြေးရေးကလည်း
နေ့လားညလားပဲ။ကျက်ရမယ့်စာတွေက မှတ်ဥာဏ်ကို
ကျော်နေတယ်။ဖတ်ရမှတ်ရမယ့်ခေတ်ရေးခေတ်ရာတွေက
ရတက်မအေးစရာတွေချည်း။အကျင့်ပျက်ခြစားသူဝန်ထမ်းမဖြစ်ချင်ဘူး။ပညာရေးကို
ရင်လေးတယ်။ညည အိပ်မရ။အတွေးတွေက သန်းခေါင်ထက် နက်နက်လာ။
စားပွဲပေါ် စိတ်လွတ်ကိုယ်လွတ် ပစ်တင်လိုက်မိတဲ့နားမလည်မှုတွေပဲ။တွေဝေမိုက်မဲမှုဟာ အမြဲတမ်း အဆင်သင့်။
အခုချိန်
သေခြင်းတရားက လာကမ်းလှမ်းရင် ငြင်းဆန်ဖို့ခက်မယ်။ညစာဟာ ဘယ်တော့မှ
ငါတို့အမီ ရောက်မလာဘူး။ငါတို့နဲ့ခေတ်ကြီးရဲ့အချိတ်အဆက်က
သွေးထွက်လွန်ဆက်ထုံးလို မြဲတယ်။
ငါတို့ ဘယ်တော့မှ ရှုံးလို့မဖြစ်ဘူး။
Monday, March 2, 2015
မင်းအကြောင်း ငါ့အကြောင်းနဲ့ သူ့အကြောင်း အရာရာ
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment