Tuesday, March 3, 2015

စိတ်ခတ်ကျောက် ၁

သတ်ကွင်းထဲကအထိအရှကို ဓားတစ်စင်းလိုဆွဲထုတ်လိုက်မိတယ်
လည်မျိုထဲဓားနှောင့်ရိုးထိစိုက်ဝင်နေတဲ့ဓားကိုဆွဲထုတ်လိုက်သလိုမျိုး
လူ့ဘဝဟာလက်ဆောင်တစ်ခုဆိုရင် ကိုယ့်ရဲ့ဆာလောင်မှုကဗလာ
ဘယ်အကြောင်းတရားက စိတ်ကိုမီးညှိသွားတာလဲ
မနက်ဖြန်ဟာလည်းဒီနေ့လို ခြေကုန်လက်ပန်းကျဦးမယ်
နောက်ဆုံးလက်ကျန်နဲ့တွန်းထုတ်လိုက်တဲ့သက်ပြင်းဟာ သံသရာတစ်ခုစာမီးတွေနဲ့
ညအသားထဲ တဖျတ်ဖျတ်စိုက်နေတဲ့ကြယ်တွေကိုချစ်လို့ ဒီအမှောင်ထဲလက်ကုန်တိုးဝင်ခဲ့တာ
သွေးပျက်လောက်စရာမိုက်လုံးကြီးခဲ့ပုံများ ဘရိတ်ပေါက်နေတဲ့လမ်းပေါ် ဆယ်ဘဝစာလက်မှတ်တက်ဖြတ်မိတယ်
ကောင်းပေကောင်းရဲ့နဲ့အမြင့်ကိုခေါင်းနဲ့တက်ခဲ့ကြ
စင်ချင်းတူရင်တောင် ငါတို့အခုရောက်နေတာက ကြိုးစင်
မင်းလည်းပြည်ပမှာပြည်လွမ်းနာကျပြီး ပြည်တည်နေသလို
ငါလည်းပြည်တွင်းမှာ ပြင်မရတဲ့ပျက်အစဉ်တွေထဲ ပြည်တည်နေတယ်

အသားထဲလှိုက်မြုံနေတဲ့ပြည်ပုပ်ကို အနာခံညှစ်ထုတ်ပစ်လိုက်သလို
လောက်တွယ်နေတဲ့ခေတ်တစ်ခုကို ဘယ်လိုခွဲထုတ်ပစ်လိုက်ရမလဲ
ကိုယ်ကျူးလွန်ခဲ့တဲ့အပြစ်တွေ ကိုယ့်ကိုကျူးလွန်သွားတဲ့အပြစ်တွေ
သေရေးထက် နေရေးဟာ ပိုမိုအသက်ရှုကြပ်လာတယ်
အဆီအသားတက်တက်စင်အောင်ကျွမ်းလောင်နေတဲ့ ဘဝတွေ
မီးကျီခဲဆမ်းထားတဲ့ လမ်းအကန်းပေါ်က ဘဝတွေ
ငါတို့မျိုးဆက်တစ်ခုလုံးဟာ သွေးညှီနံ့တွေ တညီးညီး
ကျပ်ခိုးစွဲနေတဲ့ ခေတ်ကြီးတစ်ခုလုံးရဲ့ အကျဉ်းသားတွေ
" မင်းအခုရောက်နေတာ သားသတ်ကွင်း "
" မင်းအခုရောက်နေတာ သားသတ်ကွင်း "
" မင်းအခုရောက်နေတာ သားသတ်ကွင်း "
ငါ ဒီလို အသံပြာအောင် မိုင်ကုန်ခေါင်းလောင်းထိုးမိတယ်
ငါတို့ ယုံကြည်တဲ့ အနာဂတ်
ငါတို့ ယုံကြည်တဲ့ နိုင်ငံတော်
ငါတို့ ယုံကြည်တဲ့ ခေါင်းဆောင်
ယုံကြည်မှုက သစ္စာ စ ဖောက်ရင်တော့ ကိုယ့်အရိပ်ကိုလည်း ဓားနဲ့ ပြန်ထိုးမိမှာပဲ
တစ်ဘဝစာ ပြောရကြေးဆို
ကဗျာဆရာဆိုတာ တိုင်းပြည်ချစ်စိတ်ကို ငယ်ထိပ်တက်ပြီး ငုတ်ရိုက်ထားတဲ့ကောင်တွေ
ကိုယ့်အရေးအသားနဲ့ကိုယ့်စိတ်ကို မုန်တိုင်းလိုထိုးခွဲပြီး
မီးတောက်ထဲ ပန်းစိုက်ထားခဲ့ချင်တဲ့ ကောင်တွေပေါ့
အခုတော့ ချစ်ခြင်းမေတ္တာကို နူတ်ခမ်းပြာအောင်ဖွာပြီး
မီးကို အရည်ဖျော်သောက်နေတဲ့ ခေတ်ကြီးတစ်ခုလုံးရဲ့ အံသွားပေါ်မှာ
ငါတို့အတ္ထုပ္ပတ္တိဟာ သွေးသံရဲရဲ။




0 comments:

Post a Comment