ကိုယ့်ထက်မြက်မှုကို အသက်နဲ့လဲပြီးကာကွယ်ပါ တဲ့
ဆယ်ဘဝစာညံ့နေတဲ့အသံထွက်ဖြစ်ပစေ မင်းအရောင်အသွေးကိုမီးလိုပျိုးထောင်ပြခဲ့လိုက်
လျှပ်စစ်လိုခလုတ်ဖွင့်မှ သေမိန့်ထုတ်ခွင့်ရတဲ့ အာဂန္တု Danger မဖြစ်စေနဲ့
ကိုယ့်ခါးဆစ်ရိုးပေါ်ကိုယ်ခွေပြီး ကိုယ့်အဆိပ်ပေါ်ကိုယ်တိုင်သစ္စာစောင့်သိသူဖြစ်ပစေ
ငါမပြောဘူးလား
အခုတော့ မင်းယဉ်ကျေးမှုကိုသူတို့နွားတံဆိပ်ကပ်လိုက်ကြပြီ
အခု မင်းကိုသူတို့ဝိုင်းထားပြီ
မင်းနောက်ကျောကိုရေနံတွင်းလိုအစဆွဲထုတ်ပြီး မီးလိုသူတို့ဝိုင်းထားပြီ
မီးကျိုးမောင်းပျက်ပြက်လုံးတွေနဲ့ မင်းကိုကြိုးတုပ်ပြီး မင်းဂိုးပေါက်ထဲကိုပန်နယ်တီကန်သွင်းကြတော့မယ်
ငါ့အသက်ကိုလောင်းကြေးထပ်ပြီး မင်းကိုသတိပေးခဲ့မယ်
မင်းအသက်ဇီဝကို ကျည်ကာမချွတ်နဲ့
မင်းလျှောက်နေတဲ့ခရီးမှာ ဗလာမဲမပါတဲ့နင်းမိုင်းတွေချည်းပဲ
မိုင်းနင်းမိလို့လွင့်စင်ပဲ့ထွက်သွားတဲ့ အသားစတစ်ဖတ်ဖြစ်ပစေ
မင်းနာမည်ကိုသွေးနဲ့ရေးထွင်းပြီး လျှပ်စီးလိုထစ်ချုန်းပြခဲ့လိုက်
မင်းမျက်မှောက်ကို မျက်တောင်တစ်ခတ်စာ မျက်ခြေမပြတ်စေနဲ့
တစ်တောင့်တည်းသောကျည်ဆန်ဖြစ်ပစေ
အဲဒီကျည်ဆန်ဟာ မင်းနားထင်ကို အမှိုက်ပုံထဲကထမီစလို တစ်စစီဆွဲဖြဲပြီးမှ
မင်းဦးခေါင်းထဲကိုသဲဆမ်းပြီး တန်းလန်းဖောက်ဝင်ချင်နေတဲ့ ကျည်ဆန်
မင်းထွက်သက်ဝင်သက်တိုင်းကို အချိန်ပြည့်မိုင်ကုန်အံကြိတ်ထား
အခု လာနေပြီ
ပြောရင်းဆိုရင်း စစ်ချီသီချင်းလို အဲဒီကောင်တွေလာနေပြီ
အပ်နဖားပေါက်ထဲဖြဲဝင်နေတဲ့စိတ်ကို အလံလိုလွှင့်ပြီးလာနေပြီ
မင်းရိုးသားမှုအပေါ် ဝတ်လစ်စလစ်စိတ်နဲ့ချဉ်ခြင်းတပ်နေတဲ့ လျှာတော်သလင်းတွေလာနေပြီ
စင်ပေါ်တက်တဲ့ကောင်ဆို အရူးတံဆိပ်ကပ်ပြီး တံတွေးထွေးကြမယ်
စင်အောက်ကကောင်ဆို ငယ်ထိပ်ပုတ်ပြီး ဖိနပ်စောင့်ခိုင်းမယ်
အခု အဲဒီကောင်တွေက မင်းနဲ့ဓားလွယ်ခုတ်တည့်တည့်မှာထိုင်နေပြီ
မင်းရဲ့ကျိုးနွံမှုတွေကို နဖားကြိုးထိုးဖို့
မင်းရဲ့ယဉ်ကျေးမှုတွေကို ဖိနပ်လုပ်စီးဖို့
လောကကိုအမျှဝေနေရတဲ့ရုပ်နဲ့ ဆောင့်ကြွားကြွားကြီးထိုင်နေပြီ
တစ်ဝိုင်းထဲထိုင်နေတဲ့ကောင်ကိုတောင် စီးကရက်တစ်လိပ်စာ မသထာဖူးတဲ့ကောင်တွေက
ကမ္ဘာကြီးတစ်ခုလုံးကို တင်ကျွေးထားရတဲ့ရုပ်ကြီးနဲ့ထိုင်နေပြီ
အခု ထိုင်နေပြီ
မင်းအသက်နဲ့ လက်တစ်ကမ်းအကွာမှာ ဓားတွေလို အန္တရာယ်အပြည့်နဲ့ ထိုင်နေပြီ။
Tuesday, March 3, 2015
စိတ်ခတ်ကျောက် ၇
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment