Monday, March 2, 2015

မလွတ်မြောက်နိုင်သေးတဲ့ ငါ့နာမည် ဒါမှမဟုတ် စကားဝါ

စိတ်ခံစားမှုတွေ လွတ်ချထားလိုက်တယ်
တစ်ယောက်တည်း အိပ်တဲ့ ညမျိုးတွေ
ချစ်ခြင်းမေတ္တာကို ပေါက်ပေါက်ဖောက်သလို ဆူညံလို့
ဆန့်ကျင်ဘက် လိင်ရဲ့အထိအတွေ့မှာ အာရုံတွေသွေးကြွ
ငါက ဘယ်လောက်သောက်သောက် မပြေနိုင်တဲ့ ပင်လယ်ရေပဲ
ထည့်ထားတဲ့ ရှန်ပိန်ခွက်မှာ ငါရဲ့ နှုတ်ခမ်းနီရာ ရဲပတောင်းခတ်
ဆိုက်ဒ် မျိုးစုံတဲ့ ချစ်ခြင်းတရားတွေ
ပြောပြရင် ယုံနိုင်စရာမရှိဘူးလို့ နင်တို့ကိုယ်တိုင် ငြင်းလိမ့်မယ်
ငါ့စိတ္တဇက ငါ့တန်ဖိုးပေါ့ သူငယ်ချင်းရယ်
ချစ်ခြင်းမေတ္တာကို ငြင်းဆန်ပစ်လိုက်တာ ငါ့ရဲ့ယုံကြည်မှု ရောဂါ
အကောင်းဆုံးဆိုတာတွေ နှလုံးသားထဲ ထည့်မက်ခဲ့ဖူးတယ်
စောင့်ရှောက်ပါရစေဆိုတဲ့ တော်ကီတွေ
ကြည့်လိုက်တော့.. စိတ်ကျေနပ်အောင် ဆေးခတ်ထားတဲ့ အချိုရည်ပဲ

စိတ်လွတ်သွားအောင် စွတ်လိမ်မယ်ဆိုတဲ့ ပုရိသတွေများတယ်
ရှင်သန်ခွင့်ဆိုတာ ဘယ်အတိုင်းအတာထိ သတ်မှတ်မလဲ
တစ်ယောက်နဲ့တစ်ယောက် လည်ပင်းဖြတ်နင်းထားတဲ့ ပတ်ဝန်းကျင်
နင့်ပတ်ဝန်းကျင်က ကဗျာတွေက သွေးအလိမ်းလိမ်းနဲ့ လှတယ်မဟုတ်လား
ဘဝချင်း ဝေးကွာလာတဲ့ ခေတ်ထဲ ငါတို့တွေ ဘာကိုဖက်တွယ်ထားမလဲ
ငါ့ငွေကြေးမှာ ငါ့သွေးညှီနံ့တွေ
ငါ့သွေးညှီနံ့တွေနဲ့ပဲ ဖာထေးထားရတဲ့ မလုံခြုံမှုတွေက သိပ်များတယ်
ပတ်ဝန်းကျင်ထဲ သာမာန်လှုပ်ရှားခွင့်မရှိတော့တဲ့ မိန်းမတစ်ယောက်
အာသာရမ္မက် ပြင်းထန်တဲ့ မျက်လုံးတွေနဲ့ စိတ်ကိုမုဒိန်းကျင့်ကြ
မစားရတဲ့အမဲဆိုတော့ လူ့အဖြစ်ရဲ့ အောက်ဆုံးကို တွန်းပို့
နင်တို့သိတဲ့ နာမည်က စကားဝါ… ဟားဟား.. ဒါမှမဟုတ် ဆိုဖီယာ ခရစ္စတီနာ.. ဘာမဆိုပေါ့
နင့်ကဗျာထဲရော လွတ်မြောက်သွားတဲ့ နာမည်တွေ ဘယ်လောက်များပြီလဲ
နင်ကိုယ်တိုင်က မလွတ်မြောက်နိုင်သေးတဲ့ ကဗျာဆရာ..
ဘယ်လောက်များ စိတ်နာဖို့ကောင်းလိုက်လဲ..
သူငယ်ချင်းရေ…
ငါ့ငရဲမှာတော့ ကောင်းကင်ဘုံဆိုပြီး ငါ့နာမည်ကို လှလှပပလေး စာတန်းထိုးထားလိုက်တယ်…။




0 comments:

Post a Comment