သူငယ်ချင်းက အိမ်ပြန်သွားတယ်။ငါ့အချစ်က စကားမေးမရဘူး။ပါးစပ်ဟထားတဲ့
အဆင်မပြေမှုထဲ ဘယ်နှဘ၀စာအာသာမပြေခဲ့ရခြင်းတွေ ထိုးစိုက်ပျံဆင်းလာမလဲ။
မျက်လုံးတွေကို လမ်းတစ်ဆုံး ဆွဲဆန့်ငေးရီ...။ဒီမှာက မျက်ရည်လွယ်တဲ့အရပ်၊ဒီမှာက
အစာအိမ်ဟာ ရန်သူပဲ။ညှီစို့စို့တောသံတွေ တငွေ့ငွေ့ အူ။မရှိ...။ဘာမှမရှိ။ဘာအရသာမှ
မရှိ။ဘာအနှစ်သာရမှ မရှိ။ပြဿဒါးတွေ တစ်ခွက်ပြီးတစ်ခွက်။
အရှင်လတ်လတ် အရေခွံဆုတ်ဖြဲခံနေရတဲ့နွားပဲ။လူ့ယဉ်ကျေးမှုအဆောက်အအုံတစ်ခုလုံး
ငါ့အပေါ် ပြိုကျတယ်။ငရဲအိုးလည်း ငါ့ခေါင်းပေါ် ဇောက်ထိုးပြုတ်ကျတယ်။ငါ ပျက်ကျတယ်။
သွေးရူးသွေးတန်း ထထပျံနေမိတယ်။အ၀ိဇ္ဖာခန်းထဲ...။စိတ္တဇလူသတ်သမားဇာတ်လမ်းတွေ
တစ်ညလုံး ထိုင်ကြည့်နေမိ။ငါ ဘယ်မှာလဲ။ဘယ်မှာလဲငါ။သွေးကြောတွေ ပိတ်ဆို့နေတယ်။
ဘလိတ်ဓားနဲ့ လှီးဖြတ်ဖွင့်ရမယ်။အသက်၀၀ ရှုချင်တယ်။လေကောင်းလေသန့် ရချင်တယ်။
လိုက်ရှာ အ၀ိဇ္ဖာခန်းထဲ။ အ၀ိဇ္ဖာခန်းထဲမှာ မတရားတဲ့ဥပဒေ၊မှောက်မှားနေတဲ့ကျင့်ဝတ်တွေ
ခွေးအတွေလို သံရှည်ဆွဲ သွေးဆာ။
ဘာမှမရှိတော့တဲ့တိုင်းပြည်ကို ဘာမှမသိတဲ့ရှင်ဘုရင် အုပ်ချုပ်သလို အဆင်ပြေပြေ
ဘာမှမသိရှာတဲ့ပြည်သူတွေကို ဘာမှနားမလည်တဲ့မှူးကြီးမတ်ရာသေနာပတိတွေ
ထောင်းလမောင်းချေသလို အဆင်ပြေပြေ...။ငါဟာ ပြည်သူ။ငါဟာ ဘူတာရုံဆိုရင်
ဘယ်တော့မှ မဆိုက်ရောက်နိုင်တဲ့လူ့အခွင့်အရေးရထားကို စောင့်မျှော်လို့။ငါဟာ နိုင်ငံတော်။
ငါဟာ မငြိမ်းသောမီးရဲ့ဇာတ်ဝင်ခန်းတွေ။ငရဲမီးတွေ ခပ်ထည့်ထားတဲ့ရေမှုတ်ပေါ့။
စိတ်ကို တည့်အောင်ထား။တစ်ဖက်သားကို မတရားမတွေးနဲ့။ကိုယ်ချင်းစာတရားရှိတဲ့အရပ်ဆီ
ငါ့ချစ်ခြင်းကို ရောက်အောင်ပို့ပါ။ထောက်ထားငဲ့ညှာမှုရှိတဲ့ဂြိုဟ်ဆီ ငါ့စားနပ်ရိက္ခာတွေကို ပို့ပါ။
စစ်သွေးကြွတွေနေတဲ့ကမ္ဘာ၊အကြမ်းဖက်သမားတွေရဲ့ကမ္ဘာ၊အရူးတွေအတွက် သီးခြားဘုံ။
ထားခဲ့လိုက်တော့။ရယ်သံတွေကို ရွံလာ။မျက်ရည်တွေကို လက်ညှိုးငေါက်ငေါက်ထိုး။ရယ်စရာတွေ
တွေးရင်း အူလှိုက်သည်းလှိုက် ငိုတယ်။ငိုစရာတွေးမိတော့ မိုးသည်းထဲမှာ သည်းသည်းထန်ထန်
တစ်ယောက်တည်း။တစ်ယောက်တည်း။ငါ့သွေးပျက်မှုနဲ့ ထိခတ်လိုက်တဲ့သစ်ပင်တိုင်း သစ်ရွက်တွေ
အစိမ်းကြွေတယ်။
အလိုမတူဘဲ ကတိပေးခံရ
အလိုမတူဘဲ သိမ်းပိုက်ခံရ
အလိုမတူဘဲ သစ္စာဖောက်ခံရ
အလိုမတူဘဲ ကွပ်မျက်ခံရ
ငါဟာ မောက်မာစွာ လောင်ကျွမ်းပေါ့
မိသားစုအရေးတွေ အခင်းဖြစ်ပွားခြင်းအကြောင်း လှုပ်ချမိတဲ့မေတ္တာတရားဟာ တိမ်းမှောက်တယ်။
သက္ကရာဇ်လက်ဖျံရိုးတွေထဲကနေ သွေးတွေ ရစရာမရှိအောင် ပန်းထွက်နေတယ်။
လူသူဆိတ်သုဉ်းရာကြေကွဲရခြင်းအဖြစ် လူ့ဘ၀ကို ရင့်ရင့်သီးသီး ရင်ဆို့လာတယ်။
စိတ်ကူးတွေ လူခြေတိတ်လာတယ်။
အစွဲအလန်းမှာ ဒီခန္ဒာ မပြီးနိုင်မပြီးနိုင် မကျွတ်လွတ်နိုင် ရှည်လျားထွေးပြားမနေမနား။
အရိုးစုတွေက ညည ထထတွန်၊နာနာဘာဝအော်ခေါ်သံတွေထဲ ငါ့နားတွေ ပြတ်/ပြုတ်ကျ။
ချောင်တစ်ချောင်ချောင်မှာ တုန်လှုပ်ငြိမ်သက်၊အသက်ကို ခပ် မျှ င်း မျှ င်း ပွ တ် ရှု ။
အထီးကျန်မှောင်မိုက်...။ရေကို ရေလို ဆာတယ်။အငတ်ငတ်အပြတ်ပြတ်ဒုက္ခသည်တွေဆီ
ရေကို ရေလို ပို့ချင်တယ်။ငွေကို ငွေလို ပို့ချင်တယ်။
အဆုံးသတ်ချင်နေပြီ...။ဒီပုံအတိုင်း တောက်လျှောက်...ဆိုရင်...။ဖဲ့ထုတ်ခံရတယ်။လှီးယူခံရတယ်။
သံသရာထက် ပိုရှည်တဲ့လူ့ဘ၀ငရဲခန်းထဲ...။တရွေ့ရွေ့ ပဲ့ကျ။တဖဲ့ဖဲ့ ပြိုကျ။စောင့်မျှော်ရခြင်းဟာ
အက်သံပေးလာ...။လူ့အဖြစ်ဟာ မီးရှိရာ လာတဲ့လောင်စာ...။
Monday, March 2, 2015
နာရေးကြေငြာ
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment