Monday, March 2, 2015

ငါတို့ပြောရင် သီချင်း ငါတို့ရေးရင် ကဗျာ ငါတို့ဟာ မင်းသားယောင်ဆောင်ထားတဲ့မင်းသားတွေ ၃

ရိုးရိုးတွေးတယ် ရဲရဲပြေးတယ်
ဘယ်တော့မှ...ဘယ်တော့မှ နောက်မဆုတ်ဘူးပြတ်သား
ဘယ်တော့မှ ... ဘယ်တော့မှ ကျကွဲမပေးဘူးသေချာ
ရောက်ရာအရပ်မှာ ကြုံသလို ပန်းထပွင့်မယ်တကဲကဲ

ငါတို့အရပ်ထက် ဥာဏ်ရည်ပိုနိမ့်သူတွေက ငါတို့ကို မမီနိုင်ဘူး
ငါတို့နဲ့မထိုက်သူတွေ တူရာတန်ရာဆီ သူတို့ သွားကြပေလိမ့်
လမ်းက ငါတို့ဆီ မလာရင် ငါတို့က လမ်းဆီ သွားမှာပဲ

မျက်မှောက်ကမ္ဘာရဲ့ဝိဇ္ဇာသိပ္ပကျမ်းကို တစ်ဖက်ကမ်းခတ်တဲ့အိမ်ရှေ့စံတွေ
အနာဂတ်က ငါတို့နာမည်တွေကို အော်ဟစ်ပွဲတောင်းလို့
တိုင်းပြည်နဲ့လူမျိုးက ငါတို့ပုခုံးတွေပေါ် ပေါက်ရောက်ရှင်သန်လို့
အလျားလိုက်ဖြတ်တယ် ဒေါင်လိုက်ကူးတယ်
စစ်မြင်းပျိုကို ချပ်ဝတ်တန်ဆာဆင်သလို ငါတို့ကိုယ်ငါတို့ ကတယ်သတယ်

 လူငယ်ဆိုတာ ရုန်းကြွနေမှာပဲ လူငယ်ဆိုတာ လှုပ်ခတ်နေမှာပဲ
လူငယ်ဆိုတာ ရွေ့နေမှာပဲ လူငယ်ဆိုတာ ဖြတ်သန်းကျော်လွှားနေမှာပဲ
ငါတို့ အသက်အရွယ်ရလာတဲ့အထိ လူကြီးတွေလိမ်တာ ခံနေရတုန်း
( ဆိုတော့ ... )
ငါတို့ ကျယ်ပြန့်မှဖြစ်မယ် ငါတို့ နက်ရှိုင်းမှဖြစ်မယ်
ငါတို့ ပိုပြီးကျယ်ပြန့်မှဖြစ်မယ် ငါတို့ ပိုပြီးနက်ရှိုင်းမှဖြစ်မယ်

ကိုယ်ပိုင်စီးဆင်းမှုတွေ ပျောက်ဆုံးလို့မဖြစ်ဘူး
သမိုင်းကို ငါတို့သွေးကြောထဲ ထိုးသွင်းထားတယ်
အနာဂတ်တရားစီရင်ခန်းမှာ ငွေကြေးဟာ ပြစ်မှုကို မဖုံးကွယ်စေရ
လိုအပ်တဲ့အလင်းဟာ ငါတို့ခန္ဓာထဲမှာရှိနေရင် ငါတို့ကိုယ်ငါတို့ လျှပ်စစ်ဓာတ်တွေ တဖျင်းဖျင်းထပေးလိုက်မှာပဲ

ငါတို့ရဲ့နိုင်ငံတော်အလံကို ငါတို့လက်နဲ့ တလူလူလွှင့်ဖို့ပဲမဟုတ်လား
ခေတ်ကို အကောင်းအတိုင်း ပြန်လည်သိမ်းပိုက်ဖို့ ငါတို့လာခဲ့တယ်
ဘုရားသခင်အတွက် အကြီးမားဆုံးနစ်နာဆုံးရှုံးမှုဟာ
ငါတို့ကဗျာတွေကို မဖတ်ဖူးတာပဲပေါ့ကွာ



0 comments:

Post a Comment