Monday, March 2, 2015

ရိုစီဟုခေါ်သည်

ရှင်အရမ်းသိချင်လား
ရှင်ခုနက လွတ်ကျသွားတဲ့အရက်ခွက်ဟာ ကျွန်မဘဝပဲ
ဟင်း ဟင်း ဟင်း ဟင်း
တကယ်တော့ ကျွန်မက
ဟိုအစ်ကိုကြီးရဲ့ မခင်နှင်းဆီလည်းမဟုတ်
တောင်ယာလုပ်သားမိဘနှစ်ပါးက ပျိုးခဲ့တဲ့နှင်းဆီ
မိသားစုထမ်းပိုးကို
ကျောကုန်းတွေ ကျွဲပခုံးထအောင် ရုံးရတဲ့ အဖေရယ်
သမ္မာအာဇီဝကို ခေါင်းပေါ်ရွက်ရောင်းရတဲ့ အမေရယ်
ထမင်းပန်းကန်နဲ့ သားရေကွင်းပစ်တမ်းကိုပဲ
မင်တတ်သေးတဲ့ မောင်လေးရယ်
လောကထဲ ဖူးဆဲ ၊ ငုံဆဲ ၊
ပွင့်ဖို့တာဆူဆဲ ကျွန်မ မနှင်းဆီရယ်
ကျွန်မက ဘဝကိုကျေးလက်တေးလို
ရိုးရိုးလေးပဲ ဆိုတတ်တဲ့အရွယ်

သားသမီးရှေ့ရေးပဲတွေးပြီး
ကုယ့်နောက်ကျောကိုမေ့နေတဲ့ အဖေ့ကို
သေမင်းက ဓားနဲ့ဝင်ထိုးတယ်
အဖေ့ခန္ဓာသွေးသားကိုပြာချတဲနေ့ဟာ
ကျွန်မတို့ တတွေ ပြာကျတဲ့နေ့
အဖေ့အရိုးကို မြေကြီးထဲ မြှုပ်တဲ့နေ့ဟာ
မိသားတစ်စုလုံး မြေကြီးထဲ မြုပ်တဲ့နေ့
အမေလည်း နေထိလိုက် မိုးမိလိုက်
အကျီင်္တစ်ထည်လို ယိရွဲလို့
မတ်တပ်စာပဲရှိပြီး တုံးလုံးစာမရှိတဲ့ အိမ်ဝင်ပေါက်အတိုင်း
သူဌေးရောဂါက အမေ့ဆီလမ်းမှားရောက်တယ်
အမေမနားတမ်းလှိမ့်ခဲ့တဲ့ ကျွန်မအတန်းပညာဘီးလည်း
ကိုးတန်းမှာ တိခနဲ
ရှင်တို့စကားကို ငှားပြောရရင်တော့
ကျွန်မနဲ့ဘဝ အဲဒီမှာစတွေတာပဲ
အဖော်ကောင်းလို့ ရောင်းတမ်းဝင်ခဲ့တယ်ဆိုပါတော့
ကျွန်မအမေရောဂါအတွက် ကျွန်မဆူးဟာ
လောကဓံတရားလောက် မမာတော့ဘူး
ကျွန်မမောင်လေး တစ်နှစ် တစ်တန်းအတွက်
ကျွန်မပွင့်ဖတ်တွေတစ်ချပ်ပြီးတစ်ချပ်
ဒါပဲလေ
အရင်းအနှီးမရှိရင် လူဆိုတာ အရင်းအနှီးပဲ
ပိုက်ဆံမရှိရင် လူဆိုတာ လူသုံးကုန်ပစ္စည်းပဲ
ရှင်တို့မမြင်နိုင်တဲ့ အဲဒီတိုင်းခြားပြည်ခြားမှာ
ကွန်မလို တံဆိပ်အခွာခံထားရတဲ့
မိတ်အင်မြန်မာတွေရှိတယ်
ရှင်တို့မသိနိုင်တဲ့
ရေခဲသေတ္တာထဲက ငရဲခန်းတွေရှိတယ်
ကျွန်မခုန်ထွက်လိုက်နိုင်ချိန်မှာ
ကျွန်မကိုယ်ကျင့်တရားတစ်ဖက်
မီးထဲမှာ ကျွတ်ကျန်ခဲ့တယ်
ဘာထူးဆန်းလို့လဲ
နောက်တစ်ဖက်နဲ့ထပ်ပျံတော့
ဒီဘဝ ဒီခန္ဓာကိုရတယ်
အဲဒါ ရှင်သိချင်တဲ့ ကျွန်မဘဝ
အစကနေ ဒီညအထိပဲ
ရှင် .....! ပိုးဖလံနဲ့တူတယ် ဟုတ်လား
ဟင်း ဟင်း ဟင်း ဟင်း
ကျွန်မကို မိုးပျံပူဖောင်းလေးနဲ့ရော မတင်စားချင်ဘူးလား
ကျွန်မက ပေါ့ပါးသလောက်ပဲ ပျံတတ်ခဲ့တာလေ
ကျွန်မ အခုတော့
ဒဏ်ရာကို လှအောင်ဝတ်တတ်နေပြီ
ရှင်တို့ခေတ်ကြီးထဲ တခစ်ခစ်ရယ်မောတတ်နေပြီ
သြော်.....ရှင်ကလည်း
ဒီနေရာကိုရောက်လာမှ ဒီလောက် အ ရသလား
မိဘပေးတဲ့နာမည် နှင်းဆီ
လောကဓံပေးတဲ့နာမည် ရိုစီ
ခေတ်နဲ့အညီပါဆိုမှ ။ ။




0 comments:

Post a Comment