ငါမြို့ပြန်လာတော့
လမ်းမီးတိုင်တွေက အမှောင်ကိုထမ်းထားရတုန်း
တဆတ်ဆတ်တုန်နေတဲ့ နှင်းတွေက
မြို့ကို မလွတ်တမ်းဖက်လို့
အကျအပေါက်များတဲ့ ကျောက်ကြမ်းလမ်းပေါ်
ငါ့ဖိနပ်အသက်က ယဲ့ယဲ့လေး
အမူးလွန်နေတဲ့လရောင်က
သုံးမြှောင့်ဖန်တုံးလို ငါ့ရင်ဘတ်မှာ အလင်းယိုင်ချိန်
တစ်ချက် တစ်ချက် လက်ဖက်ရည်ဆိုင်လေးတွေက
ဟင်ခနဲ ၊ ဟာခနဲ
သူတို့လောင်းထားတဲ့ပွဲဟာ
ငါနဲ့ လောကဓံ များလား
ငါကန်ရတဲ့ကွင်းက နှင်းတွေအရမ်းကျတယ်
တခါ တခါ ငါ့ဂိုးငါမမြင်ရဘူး
အမှောင်ထဲ စိမ်းနေတဲ့မျက်လုံးစိမ်းတွေက
ငါ့ကို လူစိမ်းလို ထိုးထိုးဟောင်တယ်
ဒီမြို့ကလယ်ကွင်းစိမ်းစိမ်းတွေထ
ဒီမြို့နဲ့ ငါက ပိုများစိမ်းနေလို့လား
လူငယ်ဘဝကို ရစ်သမ်ကျကျခတ်နေတဲ့ ချာတိတ်တွေက
ငါ့ကို key အသစ်လို စူးစမ်းတယ်
ငါလည်း အမေ့မုန့်ဖိုးလေးနဲ့ အနာဂတ်ကိုအော်ဆိုရင်း
မြို့နဲ့ ကြိုးပြတ်ခဲ့တဲ့ ဂစ်တာတစ်လက်ပါကွာ
ညဉ့်နက်သန်းခေါင် စာအော်အော်ကျက်တတ်တဲ့ ကောင်မလေးက
သန်းခေါင်ညဉ့်နက် သားချော့တေးကိုဆိုလို့
အလန့်တကြား ငါ့သက်ပြင်းငါတက်နင်းမိပေါ့
ငါ......ကမ္ဘာအပြားကြီးပေါ် မှောက်အိပ်ခဲ့တဲ့ နှစ်တွေလေ
ကြာခဲ့ပြီ
ကြာခဲ့ပါပြီ
အရာရာဟာ ကြာသွားခဲ့ပါပြီ
ဟောင်းလည်း ဟောင်းခဲ့
နွမ်းလည်း နွမ်းခဲ့
ငါ အိမ်တံခါးကိုခေါက်မိတော့
အန်းဒိတ်ပန်းပု တစ်ရုပ်လို
အမေက ငါ့ကို အနုပညာဈေးမဖြတ်ခဲ့ဘူး ။ ။
Monday, March 2, 2015
ကြိုး
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment