သာယာသောမနက်ခင်းပါ ကလေးလေးရေ အိပ်ယာက နိုးပြီလား။
အိပ်ယာခင်းပေါ် ညရဲ့ code ရာတချို့ ကျန်ရစ်။
အာရုံအတွင်းသားထဲက အိမ်လွမ်းနာကို ဖြတ်သန်းဖောက်ထွက်လာတဲ့ သတိရခြင်းညှော်နံ့။
စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့ ကလေးလေးရေ။တယောသံကို ကြားရဲ့ မဟုတ်လား။
သစ်ရွက် အသစ်ချပ်ချွတ်တွေကို မြင်ရဲ့မဟုတ်လား။
မေတ္တာတရားရဲ့ ဇောဟာ Time & Space ကိုလည်း ဆွဲချုံ့ပစ်လိုက်ပါပြီ။
အေးစက်နေတဲ့ ကော်ဖီခွက်မှာ နှုတ်ခမ်းရာလေး သုံးခုကို စိတ်ကူးနဲ့တပ်ဆင်ကြည့်မိတယ်။
ပြတင်းပေါက်ကလေပြေက ဘယ်သူမှမမြင်တဲ့ နာကျင်မှုအပေါ် တခုတ်တရ လာပြုတ်ကျပြန်တယ်။
နှင်းကျနေတဲ့ လွင်ပြင်တခုထဲ သွေးကြောတွေအေးခဲခါစ လူတယောက်လို။
ကိုယ့်အရိပ်ကိုယ် ခိုစီးပြီး စိတ်နဲ့အခါခါ အိမ်ကိုပြန်နေမိတယ် အကြိမ်ကြိမ်။
ပရိဘောဂ ဆန်ဆန်ပြောရရင်တော့ ဒုလ္လဘတရားနဲ့ ဒုက္ခသစ္စာဟာ စရွေးကိုက်တယ်။
လူ့ဘဝတဲ့ ဒါမှားနေကြ အမှားပဲ။သံသရာကို ဂစ်တာလုပ်ပြီး ပျော်ပျော်ကြီး တီးကြတာပေါ့။
အသက်ဇီဝမှာ အနုပညာကိုကပ်ပြီး ချစ်ခြင်းတရားနဲ့ ဥာဏ်ပညာကို တေ့ဆက်လေးဆက်ကြည့်ရအောင်။
မနက်ခင်းဟာ အသားကင်နံ့ တွေနဲ့ ကလေးလေးကို ပုတ်နိုးမယ်လို့ ဘာလို့များ ယုံကြည်နေတာလဲ။
"ဂွတ်မောနင်း မေမေ" "ဂွတ်မောနင်း ဖေဖေ"
မြို့ပြရဲ့အငွေ့အသက်တွေနဲ့ ကလေးလေးရဲ့ အသံမှာ လျှပ်စစ်ဓာတ်တွေပျော်ဝင်နေမလား။
ဘဝအသစ်စက်စက် တစ်ခုဆီ လှမ်းပုတ်လိုက်တဲ့ လီဗာမှာ လူသားဆန်မှုဟာ နောက်ကျနေမလား။
ပေါင်မုန့်မီးတကင်စာ နွေးထွေးမှုလေး ဖြစ်ဖြစ်ပေါ့ .. ကျွန်တော်လိုချင်နေမိတယ်။
ဘဝ-ဘဝမှာ-ဘဝတွေမှာ M+O+N+E+Y = မိသားစုနဲ့ ဝေးနေကြရတဲ့ ဝေဒနာ။
ကလေးလေး မသိနားမလည်နိုင်သေးတဲ့ ဒစ်ဂျစ်တယ်နည်းတွေနဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာ၊
တရား ဟာ မေတ္တာစိတ်ကြောင့် ကန်းမယ်ဆိုရင်လည်း ကျွန်တော့မျက်လုံးတွေ ကြည်လင်နေအောင်
ဝေ့တက်လာတဲ့ မျက်ရည်နဲ့ မျက်စဉ်းခပ်ပြီး ကလေးလေးရဲ့ အပြုံးကို နွေးထွေးစေမှာပေါ့။
ရက်ပေါင်းနှစ်ရာ့ခုနှစ်ဆယ် ပင်ပန်းဆင်းရဲခံခဲ့ရမှုတွေအတွက်
''သာယာသောမနက်ခင်းပါ ကလေးလေးရေ"
သမီးလေးရဲ့ မျက်လုံးတွေပွင့်လာရင်
ကြည့်ဖို့
စိမ်းလန်းတဲ့တောအုပ်ကြီးတွေ ဖန်ဆင်းထားမယ်။
သမီးလေး မပီကလာ ပီကလာ စကားပြောတတ်လာရင်
ရွတ်ဆိုပြဖို့
ကလေးကဗျာစာအုပ်လေးတွေ ဝယ်ယူစုဆောင်းထားမယ်။
သမီးလေး လမ်းလျှောက်တတ်လာတဲ့အခါ အိမ်ရှေ့က မြစ်ကမ်းနဖူးပေါ်မှာ
အတူတူ မတ်တပ်ရပ်ပြီး
မှုန်ပြပြလှမ်းမြင်နေရတဲ့ ကျိုက္ခမီပင်လယ်ဝနဲ့ မီးပြတိုက်ကို ငေးကြည့်ကြမယ်။
သမီးလေးရဲ့ စိတ်ကူး စိတ်သန်းတွေ အခါခပ်သိမ်း
လွတ်လပ်ရဲရင့်နေအောင်
Katy Parry ရဲ့ Roar သီချင်းကို နေ့စဉ်ဖွင့်ပြမယ်။
သမီးလေးရဲ့ မွေးနေ့ရောက်တိုင်း တစ်နှစ်တာလုံး သမီးလေးရဲ့
ဖြတ်သန်းမှုတွေကို
အယ်လ်ဘမ်လှလှလေး လုပ်ပြီး သမီးလေးအတွက်မွေးနေ့လက်ဆောင်ပေးမယ်။
သမီးလေးရဲ့လက်ထဲ ကစားစရာအရုပ်ကလေးတွေနဲ့ ပြည့်နှက်နေသလိုပဲ
သမီးလေးရဲ့ရင်ထဲမှာလည်း ကိုယ်ချင်းစာတရားတွေနဲ့ ပြည့်နှက်နေဖို့
သမီးလေးကို သင်ကြားလမ်းပြရမယ်။
သမီးလေးဟာ သူ့ဘဝမှာ ဘယ်လိုအခွင့်အရေးတွေကို စိတ်ဝင်တစား
တောင်းဆိုမလဲ
ဖခင်တစ်ယောက်ရဲ့မျက်လုံးတွေနဲ့ လေးလေးစားစား စောင့်ကြည့်ရဦးမယ်။
သမီးလေး အာရုံပြုမယ့် ချစ်ခြင်းမေတ္တာ၊
သမီးလေး နေ့စဉ် ဖြတ်သန်း ရင်ဆိုင် ထိတွေ့ရမယ့် လူမှုဝန်းကျင် ၊
သမီးလေးကိုယ်တိုင်ရဲ့ နူးညံ့သိမ်မွေ့မှု / တုန့်ပြန်မှု စသဖြင့်
ပဋိပက္ခဆန်တဲ့ ဘဝအနုပညာတွေကို သမီးလေး ကိုယ်တိုင်ကိုယ်ကျ နားလည်နေစေရမယ်။
သမီးလေး မော့ကြည့်ဖို့ တောင်ညိုတောင်တန်းကြီးရှိသလို
သမီးလေး ငုံ့ကြည့်ဖို့ သံလွင်မြစ်ကြီးလည်းရှိရဲ့
သမီးလေး ရဲ့နှလုံးသားထဲ ဥာဏ်ပညာနဲ့ ယှဉ်တဲ့ လူသားဆန်မှုနဲ့
ရင့်ကျက်တဲ့လောကကြီးတစ်ခု သဘာဝကျကျ တည်ပါစေ သမီးလေး။
Monday, March 2, 2015
ကျွန်တော့်ရင်ဘတ်ထဲ မေတ္တာနဲ့တူတဲ့ မိုးတွေ ရွာနေပြီ မေမေ
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment