စပ်မိစပ်ရာဟာ စစ်တလင်းပဲ
မျက်လုံးထဲကျည်ကပ်အပြည့်ဖြည့်ထားတဲ့ စုန်းတောက်နေတဲ့ ပါးပျဉ်းငေါငေါတွေ
လတ်ဆတ်တဲ့အတွေးအခေါ်မှန်သမျှ ကာလယန္တယားရဲ့ခံတွင်းကြီးထဲ မှိုစော်နံသွားသလိုမျိုး
ဒီနေ့သတင်းစာဟာ ဒီနေ့အတွက်ပဲလား
ဖြတ်ဖောက်ချုပ်ထားတဲ့ အမည်နာမတွေ အဆီရွှဲနေတဲ့ဟန်ကြီးပန်ကြီးတွေ
ကျောက်သားနဲ့ထွင်းထားတဲ့အတွေးအခေါ်ဟာ ရေညှိပေါ် ချော်လဲရောထိုင်သွားသလိုမျိုး
စိတ်ကိုဂျက်ပင်ထိုးလိုက်တိုင်း Suicide သီချင်းက အရိုးကွဲအောင်ထိ မိုင်ကုန်မောင်းဝင်လာတယ်
ဆုတ်ဖြဲခံထားရတဲ့တောင်တန်းကြီးတွေအောက် နေရောင်ကိုလက်ထိုးအန်နေရတဲ့ မြေစာမြက်တွေ
ပြည်တန်တဲ့ တန်ဆာတွေ ဖွေးဖွေးလှုပ်နေတဲ့ နေကြာပန်းခင်းကြီးထဲက
ဝမ်းဟောင်းလောင်းနဲ့ ပြည့်တန်ဆာတွေ
ထမင်းတစ်နပ်စာဟာ တစ်ဘဝစာလုံးကို အနုကြမ်းဝင်စီးပစ်လိုက်တဲ့အကြောင်း
နိုင်ငံသားဟာ နိုင်ငံ့အရေးနဲ့မသက်ဆိုင်တဲ့အတွက် နိုင်ငံသားရဲ့အဓိပ္ပါယ်ဟာ
ခွက်ထိုးခွက်လန်ဟာသဖြစ်ကြောင်း
ရှင်သန်မှုနဲ့အောင်မြင်ခြင်းအတွက် ဖန်ဆင်းရှင်ကို ကျေးဇူးတင်ရပြီး
ဗုံးဆံထဲချိတ်ပါသွားတဲ့အသားတစ်ကိစ္စဟာ အစွန်းရောက်လက်ချက် သက်သက်သာဖြစ်ကြောင်း
တစ်ယောက်အရေပြားပေါ် တစ်ယောက်ရဲ့ စိတ်ကလေးကို ရွှဲရွှဲစိုအောင်ဆမ်းလို့
တစ်ယောက်ရဲ့စိတ်အတွင်းသားထဲမှာတော့ တစ်ယောက်ရဲ့လုပ်ကြံမှုကြီး စိုက်လို့
တစ်ယောက်လင်းဖို့အရေး တစ်ယောက်မှာ ပိန်းပိတ်အောင်ချုပ်လို့
တစ်ယောက်တက်ဖို့အရေး တစ်ယောက်ဇက်မှာ ကျွဲပခုံးထလို့
ကျွက်ကျွက်ဆူနေတဲ့ လောကဓံကို တစ်ကျိုက်ထဲမော့သောက်ပစ်လိုက်သလို
အလျှံတညီးညီးနဲ့ တော်လဲသံကြီး ကုပ်ခွစီးဝင်လာတဲ့ မစ္ဆရိယတွေ
သတ်ကွင်းထဲလက်ဗလာနဲ့ အသက်လုနေရသူလို မြင်မြင်ရာဟာ မီးတောက်ချည်းပဲ
ထစ်ခနဲရှိ တက်မလာနဲ့ တောက်ချထည့်လိုက်မယ် လက်ညိုးကလေးနဲ့ဆိုတာချည်းပဲ
ထစ်ခနဲဆို တက်မလာနဲ့ ဖြတ်နင်းထည့်လိုက်မယ် လည်မျိုတည့်တည့်ကိုဆိုတာချည်းပဲ
လူဟာ လူပီသလိုက်ပုံများ လူသတ်လို့ လူသေတာတောင် လူမသိလိုက်တဲ့ ပိရိမှု
ကတုတ်ကျင်းတူးဖို့သက်သက်လောက်နဲ့တော့ လူ့ဘဝဂုဏ်ပုဒ်ကြီးကို နံရံမှာမချိတ်ဆွဲနိုင်သေးဘူး
ကြေးစားတွေ ကြေးစားတွေ ဂုဏ်သရေရှိဝတ်ရုံဖားဖားကြီးတွေနဲ့ ကြေးစားတွေ
အစွယ်ငေါငေါကြီးတွေကို ဖရောင်းတိုင်ယောင်ဆောင်ပြီး မည်ကာမတ္တအလင်းငုတ်စိလေးနဲ့
ပိန်းပိတ်နေတဲ့ ဘဝတွေကို ချူဆီထည့်ပြီး သပ်ရိုက်သွင်းချင်နေတဲ့ ကြေးစားတွေ
မစ္ဆရိယကြေးစားတွေ အမိန့်ရကြေးစားတွေ လိုင်စင်ရကြေးစားတွေ
မြွေတစ်ကောင်လို ပျော့တိပျော့ဖတ်နဲ့ ထိုးလိုက်မှဖြင့် နဂါးမျက်စောင်းတောင် ထောင့်ကပ်လို့
မှုတ်လိုက်မှဖြင့် ဓာတ်ငွေ့ပိုက်လိုင်းကြီး ဗုံးခွဲခံလိုက်ရသလို ငေါက်ခနဲထိုးထွက်မယ့်အဆိပ်ဟာ တဟူးဟူး
ကိုယ့်ဝမ်းနာနေတာတောင် ကိုယ်တိုင်မေ့ချင်ယောင်ဆောင်ထားခဲ့ရတဲ့ လူ့ဘုံကြီး
သွားသုတ်သုတ် လာသုတ်သုတ် အိပ်သုတ်သုတ် စားသုတ်သုတ် ဘဝကြီးထဲ
လောကဓံတစ်ခုပဲ နေမဝင်ခဲ့တာပါ
ချစ်ခြင်းမေတ္တာကို ငတ်ကြီးကျတယ် စာနာစိတ်ကို ငတ်ကြီးကျတယ်
မျှဝေလက်တွေကို ငတ်ကြီးကျတယ် လူပီသမှုကို ငတ်ကြီးကျတယ်
အဲဒီလို ကြီးကောင်ကြီးမား မိုက်လုံးကြီးကြီးနဲ့ လူ့ဘုံကြီးထဲ ငတ်ကြီးကျခဲ့ဖူးတယ်
သေခြင်းတရားအတွက်မွေးလာခဲ့ရပြီးရင် ရှင်သန်ခြင်းတရားအတွက် ဘာတွေကို မွေးထားခဲ့ရမလဲ
ငယ်ငယ်တုန်းက စကြာဝဠာကြီးကိုတောင်ပိုင်တဲ့စိတ်နဲ့ တိမ်တွေပေါ်လမ်းလျှောက်ထွက်ခဲ့ဖူးသမျှ
အခု မရေရာခြင်းတွေက ကိုယ့်ဘဝပေါ် မြို့ပတ်ရထားကြီးလို ခေါက်တုံ့ခေါက်ပြန် ဖြတ်လျှောက်လို့
မြို့ဟောင်းကြီးရဲ့နံရံပေါ် အလေ့ကျတွားတက်နေတဲ့ နွယ်ရှင်တွေလို
လေးဘက်လုံနေတဲ့နားမလည်ခြင်းများထဲ မေးခွန်းတွေဟာ မီးခိုးကြွက်လျှောက် တလွင်လွင် အူလို့
အတိတ်ကိုလက်ထိုးအန်လိုက်တိုင်း အိမ်ရနံ့ဟာ လောကဓံကို ဝံ့ဝံ့စားစားပုန်ကန်လို့
ဝမ်းနည်းမှုကို မျက်ရည်တွေနဲ့ထွန်းညှိလိုက်တိုင်း သိမ်ငယ်ခြင်းဟာ လရောင်လို တသွင်သွင်ဖြာလို့
တဆတ်ဆတ်တုန်ရီနေတဲ့ ရင်ကွဲသံတွေကို ဆီမီးလိုထွန်းလို့
တဖျပ်ဖျပ်ခါနေတဲ့ အထီးကျန်ခြင်းကို အသက်လိုစောင့်ရှောက်လို့
ဒီကမ္ဘာမှာ ငါ နေပျော်ခဲ့ပါတယ်
အဲဒီလို တစ်ကြောင်းတည်းသောဝါကျနဲ့ တစ်လောကလုံးကို အကြိမ်ကြိမ် လိမ်ပစ်လိုက်မိတယ်
Tuesday, March 3, 2015
ဘယ်တော့မှမကုန်တဲ့မီးစာဟာ စိတ်အသားနုကိုမလွတ်တမ်းဝင်ခဲထားတယ်
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment