Monday, March 2, 2015

ငါ့အတွေးအခေါ်ကို လာဝယ်ကြတယ် ငါ့အကြောင်းကို တုပကြတယ် ငါက သစ္စာဖောက်ပဲ

ဒလဟောဆန့်ထွက်ရှည်လျားနေတဲ့ငါ့ဆံပင်တွေကို ရှုမျှော်ခင်းထဲ ဖြန့်ချထားလိုက်ရမလား
အပေါစားသားရေကွင်းတစ်ကွင်းနဲ့ စုချည်ထားလိုက်ရမလား


ကျောက်ကပ်မကောင်းဘူး အဆုပ်လဲရမယ် သွေးသွင်းရမယ် အသည်းနှလုံးကို မြေခွေးတွေ
မမီနိုင်တဲ့စပျစ်ပင်ပေါ် တက်သီးထားရမယ် ဘ၀ဆိုတာ သူ့ချည်းသက်သက်ဆိုရင် အခွံကြီးပါကွာ
ငါတို့ ထည့်ကြ ငါတို့တွေ ဘ၀ထဲ အဓိပ္ပာယ်တွေ လောင်းထည့်ကြ 
နှစ်ဆယ့်လေးတောင့်မြောက်ကျည်ဆံဟ
ငါ့ခန္ဓာဆုံလည်ထဲ အတိအကျ ငါ စစ်ပွဲတွေကို ပစ်ချမယ် ငါ ၀ံပုလွေအူသံတွေကို ပစ်ချမယ်
လိုအပ်ရင် ကိုယ့်ကိုယ်ကိုလည်း ပစ်ချရမှာပဲ

မင်းရဲ့မနာလိုဝန်တိုမှုလေး ငါ့ကို ခဏငှားပါ မင်းရဲ့ပလွှားလို/အထင်ကြီးခံချင်စိတ်လေး ငါ့ကို ခဏငှားပါ စောင်းနေတဲ့
ကမ္ဘာမြေပေါ် တည့်တည့်ရပ်ချင်လို့ ငါ့မာနကို စောင်လို အမြဲခြုံထားနိုင်ဖို့ ဆောင်းပြီးရင်းဆောင်းတွေ
ငါ့ဆီ ပို့ပါ ငါ့ကဗျာက နာမ်တရားဆီ မရဏာနုဿတိနေချိန် ငါ့ဘာသာစကား/အရေးအသားက ရုပ်နေတယ်

ငါ့ဘ၀အသားစိုင်ထဲကနေ ဟပြဲကြီးငေါထွက်နေတဲ့အနာ အဲဒီအနာထဲကသွေးညစ်ပြည်ပုပ်တွေကိ
လာလာစုပ်တဲ့ယင်ယဉ်ကျေးတွေကို ရိုက်သတ်လိုက်ရင် သေခြင်းတရားငါ ငါ့အကုသိုလ်လား
သူတို့အကုသိုလ်လား ဒီမှာ မစ္စတာလိုင်ယွန်နယ်(လ်) ခင်ဗျား သွင်းယူနေတဲ့ဂိုးတွေက ခင်ဗျားအတွက်လား
ခင်ဗျားတိုင်းပြည်နဲ့လူမျိုးအတွက်လား


ရိုးတွင်းခြင်ဆီကအစ တ၀ီဝီ တွေးခေါ်/မေးမြန်း အသိုင်းအ၀ိုင်းတစ်ခုလုံးက ၀ိုင်းညာနေတော့
မုသာဝါဒဟာ အမှန်တစ်ရာဖြစ်လာ တရားမျှတမှုကို အများကြိုက်နဲ့ တိုင်းတာတဲ့စီးမျောမှုပေပဲ
သားနဲ့အမိ လူမှားပြီး နှုတ်ဆက်မိတော့မတတ် အခွဲခွာခံရ ကွဲကွာရ အရေခွံတွေ စုတ်ဖြဲခံရ
ကွာကျရ အမှောင်ဟာ ငါ့ကို သူ့အိမ်သူ့ယာလို လာတိတ်ဆိတ်နေတယ်
ငါ ကလေးတစ်ယောက်လို အော်ငိုပစ်မိတယ်
ငါ ဘာကိုမှ မမြင်တော့ဘူး
ငါ့ကျောပိုး/အိတ်ဇစ်တွေ နတ်တစ္ဆေတစ်ကောင် ကိုက်ဖြတ်သလို ပြတ်/ပြုတ်ထွက်

ငါ့ဘ၀ဟာ သိပ်ဆတ်လွန်းတော့ ငါ့အပေါ် တက်လိုက်တာနဲ့ မင်း ကျိုးကျမှာပဲ
ငါ့စိတ်ဟာ သိပ်တိုလွန်းလို့ ငါ့ဝါကျတွေ ရှည်အောင်လှည့်စားမိတာလား
ငါ သည်းမခံနိုင်တော့လောက်အောင် ငါ့ကဗျာတွေ လူကြိုက်များလာတယ်

သေရေးရှင်ရေးရှေ့ရေးဟာ
၁။ ခွေးကိုက်မခံရဖို့
၂။ ကားတိုက်မခံရဖို့နဲ့
၃။ ချောင်းရိုက်မခံရဖို့

လိုချင်မှုတန်းလန်းနဲ့ ငြင်းပယ်ပစ်လိုက်နိုင်တာ အရသာတွေ့ဖွယ်
ဖြစ်ချင်တာက ဒီကဗျာထဲ အစွန်အဖျားရပ်ကွက်တစ်ခုကို သရုပ်ဖော်ရေး
ခင်ဗျားကိုယ်တိုင် ကဗျာထဲ ခွမ်းခနဲ ကျကွဲသွားအောင်
ငါ့နှုတ်ခမ်းမှာ တပ်မိလုဆဲဆဲ စီးကရက်အစီခံကအစ ထပေါက်ကွဲတော့တာပဲ
ငါ့ခန္ဓာဗေဒဟာ ငါ့စိတ် လူးလှိမ့်နေရတဲ့ခေတ် ဆောက်တည်ရာမဲ့မှုဟာ ငါ့ကို ဘောင်ဘင်ခတ်နေတယ်
အသိတရားက လူငယ်ဆန်ဆန် ပစ္စုပ္ပန်အာနာပါနက နှစ်ပေါင်းနှစ်ဆယ်စာလောက် သွားသွားအိုစာနေ

မေးခွန်းများ
နောက်ကျောကို ဖောက်ထွက်သွားကြ
မင်းမဲ့စရိုက် ငြင်းပယ်မှုအသစ်စက်စက်
ချစ်ခြင်းကိစ္စတွေကို လက်ညှိုးထိုးဟောင်နေတယ်

ငါ အားလုံးရဲ့အပြင်ဘက်မှာ ထွက်ရပ်လို့ ငါ အားလုံးရဲ့အပြင်ဘက်မှာ ထွက်ရပ် ငါ အားလုံးရဲ့အပြင်ဘက်မှာ ထွက်
ငါ အားလုံးရဲ့အပြင်ဘက်မှာ ငါ အားလုံးရဲ့အပြင်ဘက် ငါ အားလုံးရဲ့အပြင် ငါ အားလုံးရဲ့အ ငါ အားလုံးရဲ့ ငါ အားလုံး
ငါ ......
 
 
 
 

0 comments:

Post a Comment