လမ်းပေါ် လေချွန်ရင်း အိမ်နဲ့ဝေးရာ ထွက်ခဲ့
ကိုယ့်လက်နဲ့ကိုယ် တောက်ချပစ်မိတဲ့စီးကရက်ပြာတွေလား ရဲတယ်
ရန်သူ့ရင်ဝကို ထုတ်ချင်းခတ်ထိုးဖောက်သွားမယ့်ကျည်ဆံတွေလား ရင့်တယ်
မတွေဝေဘူး မတွန့်ဆုတ်ဘူး
ဆေးယဉ်သွားတဲ့ လောင်မီးပိုးတွေ မဟုတ်
အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ သက်မဲ့ဗုံးတွေ မဟုတ်
မီးလင်းမယ့်ထင်တဲ့ခလုတ်တွေကို လိုက်နှိပ်တယ်
အမေက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့သလို
ချစ်သူကလည်း ယုံကြည်ဖို့ ရယ်မောခေါင်းခါခဲ့တာချည်းပဲ
ငါတို့ဟာ ငြင်းဆန်ခံရဖို့ အမြဲတမ်းအသင့်အနေအထားပေါ် ခါးထောက်ရပ်နေမိတာလား
ငါတို့ မစွမ်းဆောင်နိုင်ခဲ့ရင်လည်း ငါတို့ စွမ်းဆောင်ခဲ့ပါတယ်
အရာရာဟာ လွယ်ကူမှုကိုလွယ်ပိုးထားတဲ့သွေးနဲ့သားနဲ့
ထိလွယ်ရှလွယ်ခဲ့တယ် မျက်ရည်လွယ်ခဲ့တယ်
မထွေပြားချင်တာပါ မမှောက်မှားချင်တာပါ
ဂီတဆီ တိုက်ရိုက်သွားချင်လို့ ဂစ်တာကို ရိုက်ချိုးပစ်တယ် စန္ဒယားကို မီးပုံရှို့ပစ်တယ်
ငါတို့အဆင်မပြေမှုတွေ သွေးထွက်သံယိုမဖြစ်အောင် ယုသန္တာတင်နဲ့ တည်းထားတယ်
ငါတို့အသက်အရွယ်တွေအရ ငါတို့အတွေ့အကြုံတွေ
ငါတို့အတွေ့အကြုံတွေအရ ငါတို့ဆင်ခြင်တွေးဆနိုင်ခြင်းတွေ
တိကျပြတ်သားမှုနဲ့ အမှန်တရားကို သ,ရင်း မှားသွားရင် ခေါင်းမရှောင်ဘူး
ပုခုံးနဲ့ ထမ်းခဲ့တယ် နှလုံးသားနဲ့ ထမ်းခဲ့တယ်
နိုင်ငံတော်သီချင်းကို ပါးစပ်နဲ့မဆိုဘဲ ထောင်ထနေတဲ့မေးရိုးတွေနဲ့ ဆိုခဲ့တယ်ငါတို့
မလျော့ရဲဘူး မပျော့ပြဲဘူး
သမိုင်းဖတ်စာကို သွေးအက္ခရာနဲ့ ကျောက်ထွင်းခဲ့တယ်ငါတို့
သမ္မတမဟုတ်ပေမယ့် လွှတ်တော်အမတ်မဟုတ်ပေမယ့် အရာရှိမဟုတ်ပေမယ့်
တစ်ယောက်အရေပြားကို ဆူးခြစ်မိရုံနဲ့ တစ်ယောက်နှလုံးသားက ပန်းထွက်လာတဲ့
သွေးတွေ
တစ်ယောက်ကို ဖိခြစ်ခံလိုက်ရရုံနဲ့ တစ်ယောက်ဘ၀ပေါ် ထထတောက်တဲ့မီးတွေ
လိုအပ်ရင် အသက်ဝင်ရုန်းကြွလာမယ့် ရိုးတွင်းခြင်ဆီထဲထိုးထားတဲ့နဂါးပုံတက်တူးတွေ
လိုအပ်ရင် ငါတို့လက်ဖျံရိုးတွေဟာ မီးဆေးပြီးစဓားတွေ
ငါတို့ စကားနည်းလာတာ အကြောင်းမဲ့မဟုတ်ဘူး
ငါတို့ အေးဆေးတည်ငြိမ်လာတာ အကြောင်းရှိတယ်
ငါတို့ဘ၀တွေ မအောင်မြင်သေးလည်း ငါတို့ချစ်ခြင်းဟာ ဘယ်တော့မှ မရှုံးဘူး
အနာဂတ်ကို ငါတို့ ထမ်းထားတာ
ကမ္ဘာကြီးက ငါတို့ကို လိုက်လုနေရမှာပေါ့
Monday, March 2, 2015
ငါတို့ပြောရင် သီချင်း ငါတို့ရေးရင် ကဗျာ ငါတို့ဟာ မင်းသားယောင်ဆောင်ထားတဲ့မင်းသားတွေ ၂
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment