Monday, March 2, 2015

ပုံစံမကျတဲ့ တက်တူးလို မိန်းမတစ်ယောက်

အိပ်ပေမယ့် မောပြီး အိပ်မောမကျနိုင်ဘူး
ပါးလှပ်လှပ် ငွေစက္ကူ တစ်ရွက် အကြောင်း
အကျိုခံရလို့ ပွက်ပွက်ဆူလာတဲ့ သောကတွေအကြောင်း
ကိုယ့်ကိုကိုယ်ပဲ တစ်ချက်ချင်း ပစ်ချနေမိတယ်
ရှင့်အကြားအာရုံတွေကို နားစိုက်ထား
လိုအပ်လာတဲ့အခါ ပစ်စလက်ခတ်တွေလဲ လက်ခံလိုက်ရတာပဲ
ရှင်နဲ့ကျွန်မဆက်ဆံရေးထဲ ဘာညာဝါဒီတွေကို နားထားလိုက်
မိန်းမလို မိန်းမရအသုံးအစွဲတွေ ကျွန်မမျက်ဝန်းကနေ ကျလာခဲ့ဖူးလား
ရှင်တပ်ထားတဲ့ မျက်မှန်စိမ်းကြီးကို ချွတ်ချလိုက်ပါ
ရှင်တို့က သိပ်ကြီးကျယ်တယ်....
ကမ္ဘာကြီးကို ဘာနဲ့ရောပြီး ဖျော်သောက်ပစ်မှာလဲ
ရောက်ရာအရပ်မှာ ဓါးလွယ်ခုတ်တွေချည်း မလုပ်ပါနဲ့
ရှင်ရေးတဲ့ကဗျာမှာ ရှင်က ကိုယ့်ဂိုးကိုယ်ပြန်သွင်းနေတဲ့ သစ္စာဖောက်တစ်ယောက်
ရှင်သိထားတဲ့အတိုင်း ကျွန်မက အဖြဲခံထားရတဲ့ လက်မှတ်တစ်စောင်
ရက်စက်မှုကို ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်လိုက်တော့
ဆိုးဆေးရိုက်ထားတဲ့ ကျွန်မနှုတ်ခမ်းတွေက ကြွရွနေတဲ့ အဆိပ်အတောက်လေ
မကြောက်ပါနဲ့...ရှင်ရယ် 
ရှင်နဲ့ကျွန်မကြားမှာ လူစိတ်မွေးပြီး လူလိုမြင်ခဲ့ကြတာပဲ
ကျွန်မပတ်ဝန်းကျင်က ဆစ်ဖလစ်ရောဂါပိုး ဝင်နေတဲ့ အသိုင်းအဝိုင်း
သူတို့ကောလဟာလမှာ ကျွန်မက နေ့လည်စာ ဟင်းဟင်း... ကျွန်မက ညစာပေါ့
အဆင်ပြေအောင် စကားလုံးတစ်ခုကို အာဂုံဆောင်ထားတယ်
ရှင်တို့ပြောနေတဲ့ ချစ်ခြင်းမေတ္တာတရားပဲလေ
သိပ်နာကျင်စရာကောင်းတဲ့ အဖြစ်တွေချည်း ရွေးပြီးဆယ်ယူနေခဲ့ရတဲ့ တရား
ရမ္မက်သက်သက်နဲ့ Disco beat မှာပူးချည်ထားတဲ့ Shock သက်သက်တွေ
ကျွန်မကောင်းကင်မှာလည်း စိတ်ကူးယဉ် လှလှလေးတွေ ပျံဝဲခဲ့ ဖူးတာပေါ့
အစာသွပ်မထားတဲ့ ခပ်ချောင်ချောင် အိပ်မက်တွေက
အခုတော့ ခါးသီးမှုအိပ်ကပ်ထဲ ပေါက်ဓါးတစ်ချောင်းလို စိုက်ဝင်လို့
သံသရာဘောင်ထဲမှာ မလွတ်နိုင်အောင် ငြိနေတဲ့ ကျွန်မဓါတ်ပုံလေး ရှင်တွေ့မိရဲ့လား
ရှင့်ကဗျာထဲမှာ ဇာတ်လိုက်မ ဖြစ်ခဲ့ဖူးတဲ့ မိန်းမတစ်ယောက်
ညာဘက်ရင်သားပေါ်မှာ Guns N' Roses တက်တူးနဲ့ မိန်းမတစ်ယောက်ကိုပေါ့
ရေစက် မကုန်ခဲ့ရင်တော့ ဘာဖြစ်ဖြစ်ပေါ့ ရှင်ရယ်
ရှင့် အရေးအသားတွေမှာ ကျွန်မအတွက်ခေါင်းစဉ်ကို ဖတ်ကြည့်ချင်မိတယ်..။





0 comments:

Post a Comment