သူတို့တွေ ကမ္ဘာဆီ ရောက်လာပြီးကတည်းက မပြန်တော့
ဟီရိုရှိးမားမှာ ပွင့်တယ် ၊ အရှေ့ တောင်အာရှမှာ ပွင့်တယ်
ဥရောပမှာ ပွင့်တယ် ၊ လစ်ဗျားမှာ ပွင့်တယ်
အာဖဂန်နစ္စတန်မှာ ပွင့်တယ် ၊ ဆီရီးယားမှာ ပွင့်တယ်
အမေရိကမှာ ပွင့်တယ် ၊ အာဖရိကမှာ ပွင့်တယ်
တိုက်ကြီး ၆ တိုက်စလုံးမှာ သူတို့ပွင့်တယ်
မြို့တော်ကြီးတစ်ခုလုံး တစ်စပြင်ကြီးဖြစ်သွားအောင် သူတို့ပွင့်တယ်
ဥယျာဉ်ကြီးတစ်ခုလုံး ပြာပုံကြီးဖြစ်သွားအောင် သူတို့ပွင့်တယ်
သွေးသံရဲရဲ သေပန်းတွေ အစုလိုက်အပြုံလိုက် အဆုတ်လိုက်အခဲလိုက်ဖြစ်အောင် သူတို့ပွင့်တယ်
မိသားစုတွေ၊ အသိုက်အမြုံတွေ တစ်စစီတစ်ပိုင်းစီတစ်မှုန့်စီ ဖြစ်အောင် သူတို့ပွင့်တယ်
မျက်ရည်တွေ ချောင်းစီး၊ နှလုံးသားမှာ အာဃာတမီးတွေ တောက်အောင် သူတို့ပွင့်တယ်
သမိုင်းတစ်ခုလုံး ညစ်ထေးစုတ်ပြတ် ကြည့်ရက်စရာမရှိအောင် သူတို့ပွင့်တယ်
နိုင်ငံကြီးတစ်ခုလုံး ကုန်းကောက်စရာမရှိအောင် သူတို့ပွင့်တယ်
ကမ္ဘာကြီးတစ်ခုလုံး ရစရာမရှိအောင် သူတို့ပွင့်တယ်
မေတ္တာတရားတွေ ပွင့်တာကောင်းတယ် ၊ သူတို့ပွင့်တာ မကောင်းဘူး
အနုပညာတွေ ပွင့်တာကောင်းတယ် ၊ သူတို့ပွင့်တာ မကောင်းဘူး
ပြတင်းပေါက်တွေ ပွင့်တာကောင်းတယ်၊ သူတို့ပွင့်တာ မကောင်းဘူး
ပန်းတွေပွင့်တာကောင်းတယ်၊ သူတို့ပွင့်တာ မကောင်းဘူး
မကောင်းပေမယ့်လည်း ပွင့်အားကောင်းနေဆဲ သူတို့
တကယ်တော့ သူတို့ဟာ အလေ့ကျပေါက်လာတာ မဟုတ်
လူတွေကပဲ သူတို့ကို တကူးတက ပျိုးထောင်ခဲ့ကြတာ
သူတို့မျိုးအောင်လာတာနဲ့အမျှ လူသားတွေက မျိုးတုံးပေးနေရပုံ
ဘယ်ခေတ် ဘယ်စနစ် ဘယ်သက္ကရာဇ် ရောက်မှ သူတို့ပွင့်တာ ရပ်မှာလဲ
သူတို့မပွင့်အောင် ငါတို့ ဘယ်လိုပွင့်ရမလဲ
Sunday, March 1, 2015
ဧရာမမီးခိုးမှိုပွင့်ကြီးတွေ
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment