မင်းဟာသတ္ထုမျက်နှာနဲ့ သိပ်လိုက်ဖက်တာပဲ။မင်းဟိုက်ထားတဲ့ ရင်ညွန့်မှာ ရမ္မက်မီးတွေတောက်လာအောင်။
မင်းဝတ်ထားတဲ့စကတ်တိုတိုမှာ ပုရိသလှိုင်းတွေထန်လာအောင်။သီအိုရီကျကျ မင်းတွက်ချက်ပြီး
မဟုတ်လား။မင်းခေါင်းပေါ်ကဝဲကျနေတဲ့ ပလပ်စတစ်ဆံသားတွေကလည်း မြို့ရဲ့ မြစ်ရေကြီးခြင်းသတင်းကို
ဖြစ်ပေါ်စေခဲ့ပြီ။မင်းဟာ ဓာတ်ကြီးလေးပါးကိုလျစ်လျူရှုထားတဲ့ သီရိမာပဲ။ဟမ္ဘာဂါကို မသိတဲ့
ဓာတုကလ်ာပဲ။မင်းဟာအေဒီ 2014 မှာခေတ်ထဲကို ကိုယ်လုံးတီးနဲ့ ပြေးဝင်လာတဲ့ မိုင်လေးဆိုင်ရပ်စ်ပဲ။
မင်းရဲ့ရင်သားနဲ့တင်ပါးထဲက ဆီလီကွန်တွေမှာ စပါးကြီးသည်းခြေကိုဆော့ဖ်ဝဲလ်လုပ်ပြီးထည့်ထားတယ်။
ဒေါက်မြင့်ဖိနပ်ကြီးစီးပြီး မင်းလမ်းလျှောက်တဲ့အခါဆန့်ကျင်ဘက်လိင်တွေဟာ လည်တဆန့်ဆန့်နဲ့လမ်းပေါ်
ထွက်လာကြတယ်။မင်းနှုတ်ခမ်းတွေက ယူရေနီယံနဲ့ထွင်းထားတာလား/ တိုက်တေနီယံနဲ့သွန်းထားတာလား။
ငွေရောင်တစ်လက်လက်ထနေတဲ့ ပလက်တီနမ်လိုမင်းရဲ့အရေပြားက ဘာရောင်ခြည်ကိုမှ
မမှုဘူးဆိုတာတော့သေချာတယ်။ကမ္ဘာကြီးပူနွေးလာတာကိုလည်း မင်းမသိဘူး။
သစ်တောတွေပြုန်းတီးနေတာလည်း မင်းမသိဘူး။
လူတွေတဏှာ/အာဏာရူး ရူးနေတာလည်း မင်းမသိဘူး။
ရောဂါပိုးအသစ်အသစ်တွေဖြစ်ပေါ်နေတာကိုလည်း မင်းမသိဘူး။
ကိုယ်ချင်းစာတရားတွေ စုတ်ပြတ်သတ်လာတာလည်း မင်းမသိဘူး။
မင်းဟာမင်းရဲ့ အလျင်အတိုင်းရွေ့တယ်။မင်းဟာမင်းရဲ့ ကြိမ်နှုန်းအတိုင်းစကားလုံးတွေပြုလုပ်တယ်။
သံမဏိဆန်တဲ့ စကားသံဖြစ်အင်္ဂါတွေကနေ မင်းရဲ့ ကလူ၏သို့ မြူ၏သို့ တေးသွားကို တက္ကနစ်ကျကျ
နားဆင်နိုင်တယ်။မင်းဟာစိတ်မကောက်တတ်ဘူး။မင်းဟာအော်ဂလီမဆန်တတ်ဘူး။
မင်းမှာရှိသင့်တဲ့ အရှက်အကြောက်ဝါယာကြိုးတွေဟာ လျှပ်စီးပတ်လမ်းကနေ ပြုတ်ထွက်နေပြီ။
မင်းဟာယဉ်ကျေးမှုဆိုတာကြီးကိုအေးတိအေးစက်မျက်လုံးတွေနဲ့အကန်းတစ်ယောက်လိုကြည့်တတ်သလို။
တရားခြင်း/မတရားခြင်းကိုလည်း ရှပ်ဒေါင်းချထားတဲ့ မင်းရဲ့နားတွေနဲ့နားထောင်တတ်တယ်။
"မင်းမှာပတ်ဝန်းကျင်ရှိတယ်။မင်းမှာအဖွဲ့အစည်းရှိတယ်။မင်းဟာဘာသာတရားတစ်ခုခုကို ကိုးကွယ်ရမယ်။"
အဲ့သလို လူသားဆန်တဲ့လေသံတွေကို မခံစားချင်လို့ ငါ့နှလုံးသားနဲ့ ဦးနှောက်ကို အပေါ့စားအစိုင်အခဲတွေနဲ့
အစားထိုးပစ်ခဲ့တာပေါ့လို့ မင်းရဲ့ ၁၆ပဲရည်မပြည့်တဲ့ ကြေးနီရောင်ရွှေပါးစပ်ကြီးကပြောပြောနေကျ။
မင်းခန္ဓာကိုယ်ထဲကရှုပ်ယှက်ခက်နေတဲ့အလူမီနီယံပိုက်လိုင်းတွေထဲမှာ သွေးအစား
အဏုမြူတွေသာလှည့်ပတ်လို့။မင်းဟာကိုယ်ဝန်မဆောင်နိုင်တော့ဘူး။လူမျိုးတုန်းသတ်ဖြတ်မှုတွေ
အတွက်လည်း မင်းဝမ်းနည်းကြေကွဲနေမှာမဟုတ်ဘူး။မင်းဟာမိခင်နို့ရည်ကို မစို့ရဘဲ၊မေတ္တာတရားကို
မခံယူရဘဲတစ်စစီကောက်တပ်ခြင်းခံထားရတဲ့ ကာမစက်ရုပ်တစ်ရုပ်။မင်းနာမည်ကို မင်းပြန်မှတ်မိဖို့
အတွက်တောင် မင်းနားထင်ကခလုတ်ကို ခဏခဏ မင်းပြန်နှိပ်နေရတယ် မဟုတ်လား။
လူသားကြီးစိုးရေးဝါဒဟာ လူသားတွေရဲ့အတ္တကြောင့်ပဲ တရွေ့ရွေ့နဲ့ ဆုတ်ယုတ်ယိုယွင်းစပြုနေပါပြီ။
ဒါတွေက မင်းကိစ္စမဟုတ်ဘူး။လောလောဆယ် မင်းအိပ်ရေးဝဖို့ မင်းအောင်ပွဲခံဖို့
မင်းအော်ဒါကောင်းကောင်းလိုက်နိုင်ဖို့။မင်းရဲ့ကျောပြင်ကို နျူးကလီးယားနံရံမှာသွားကပ်ထားလိုက်ပါ။
မင်းအိပ်မက်ထဲက screen ပေါ်မှာ ပေါ်လာတဲ့ နာမည်ဟာ နောက်တစ်နေ့ မင်းတရားဝင်လှုပ်ရှားဖို့အတွက်
မင်းရဲ့နာမည်အသစ်တစ်ခုပါပဲ မိဝါဆို။
Monday, March 2, 2015
သက္ကရာဇ် ၂၀၅၀ မှာ မင်းးးးးးဘဝကူးကောင်းပါစေ မိဝါဆို
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment