ဆောင်းနှံ့ရပြီလို့ သူမက ပြောတယ်
ငါရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ထဲ
ဆောင်းနံ့ရော သူမ ရနံ့ရော ရောယှက် ပျော်ဝင်သွား
ငါရော ငါ့စိတ်ရော ငါ့နှလုံးသားရော ရောယှက် ပျော်ဝင်သွား
ငါရောက်နေတဲ့အရပ်က နှင်းမရှိဘူး
ငါ့ရင်ထဲမှာတော့ နှင်းရည်စက်လက်
ရေပိုက်ခေါင်းကို ဖွင့်လိုက်တော့ ဆောင်းဟာ ကျလာ
မီးခလုတ်ကို ဖွင့်လိုက်တော့ ဆောင်းဟာ လင်းလာ
လှန်လိုက်တဲ့ စာအုပ်ကြားထဲ ဆောင်း
ဒေါင်းထားတဲ့ သီချင်းထဲလည်း ဆောင်း
သစ်ရွက်လေးက နေရောင်ရဲ့ Note ထဲဝင်ပြီး ကဗျာတွေ ခိုးဖတ်နေတယ်
ခိုးဖတ်မိတဲ့ ကဗျာထဲလည်း ဆောင်း
စောင်းနေတဲ့ ကမ္ဘာကြီးအကြောင်းထဲလည်း ဆောင်း
အိုက်စပ်စပ်ဘဝကြီးထဲ အလွမ်းချမ်းချမ်းတွေအပြည့်
အဝေးမြစ်ကြီးထဲ ကူးခတ်နေရတဲ့ လက်ဖျံရိုးထဲမှာလည်း ဆောင်း
လူငယ်တစ်ယောက်ရဲ့ ကျောပိုးအိတ်ထဲမှာလည်း ဆောင်း
သတိတရတွေက ငါ့ခေါင်းအုံးထဲမှာ အညှောင့်ထွက်လာတယ်
အပင်ပေါက်လာတယ် တောအုပ်ကြီးဖြစ်သွားတယ်
နှင်းတွေ လွှမ်းခြုံယှက်သိုင်းထားတဲ့ တောအုပ်ကြီးလည်း ဆောင်း
အလံတစ်ခုလို နဖူးမှာ စည်းထားတဲ့ဆောင်း
ဦးထုပ်လို ဦးခေါင်းမှာ ဆောင်းထားတဲ့ဆောင်း
အံ့ဩစရာ ကောင်းလောက်အောင် ဆောင်းရာသီတစ်ခုလုံး ငါ့စောင်ထဲမှာ
ငါ့စောင်ဟာ သူမရဲ့ ဆောင်းပါပဲ
သူမရဲ့ဆောင်းဟာ ငါရဲ့နှင်းပါပဲ
ငါရဲ့နှင်းဟာ သူမရဲ့ ချစ်ခြင်းမေတ္တာ ပါပဲ
သူမရဲ့ ချစ်ခြင်းမေတ္တာဟာ ငါရဲ့ ဆောင်းပါပဲ
အခု ငါ့ရင်ဘတ်ပေါ်က စောင်လှလှလေးဟာ
ဆောင်းလှလှလေးတစ်ခုမှာ သူမပေးခဲ့တဲ့ လက်ဆောင်လှလှလေးပေါ့ ဆောင်း
Sunday, March 1, 2015
ဆောင်းကို ဘယ်သော့နဲ့ ဖွင့်
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment